close

မူဆယ်တွင် ဓားပြတိုက်ပြီး ထွက်ပြေးသည့်ကား ယာဉ်တိုက်မှုဖြစ် (ရုပ်သံ)

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ ပန်လုံသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်မှာ မေလ ၁၅ ရက်ညက ဓားပြတိုက်မှုဖြစ်ပွားပြီး ရွှေငွေနဲ့ အိမ်ပိုင်ရှင်ရဲ့ကားကိုပါ ယူဆောင်သွားတဲ့ ဓားပြတွေဟာ လမ်းခုလပ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ဓားပြတိုက်ထားတဲ့ပစ္စည်းတွေ ချန်ရစ်ပြီး အကုန်ထွက် ပြေးသွားကြပါတယ်။

မနေ့ည ၇ နာရီကျော်လောက်က ပန်လုံသစ်ရပ်ကွက်ထဲရှိ အိမ်တအိမ်ကို လက်နက်ကိုင် ၄ ယောက်ဝင်လာတယ်လို့ အိမ်သားတယောက်က  ရပ်ကွက်လူကြီးကိုလာတိုင်ကြားခဲ့လို့ ရပ်ကွက် ထဲကလူငယ်တွေ စုပြီးအဲဒီအိမ်ကို ရောက်လာချိန်မှဦ ဓားပြတွေကထွက်သွားတာဖြစ်ပါတယ်။

ပန်လုံသစ် ရွာသား တယောက်က “သူတို့အိမ်မှာက မိန်းမနဲ့ကလေးတွေပဲရှိတယ်။ အဖေတွေ အစ်ကိုတွေက ခရီးထွက်နေတယ်တဲ့။ လူ ၄ ယောက်ဝင်လာပြီး သေနတ်ထုတ်တော့ အိမ်သားတယောက်က နောက်ဖေးဘက်ကနေထွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားတိုင်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အိမ်မှာမရှိဘူး။ ဖုန်းဆက်ပြီးတိုင်တော့ သူကရပ်ကွက်ထဲက လူတွေစုပြီး အဲဒီအိမ်ကိုသွားဝိုင်းဖို့၊ သူလည်း ရဲကိုတိုင်လိုက်မယ်လို့ ပြောတယ်တဲ့။ ရပ်ကွက်ကလူတွေ သူတို့အိမ်ရောက်တော့ ဓားပြတွေ ထွက်သွားပြီ။ ရွှေငွေ လက်ဝတ်လက်စားတွေ ထည့်ထားတဲ့ မီးခံသေတ္တာယူသွားတယ်။ အဲဒီအိမ်က ကားကိုပါယူပြီး ထွက်ပြေးသွားတယ်။ လူကိုတော့ ဘာမှမလုပ်ဘူး။ ဓားပြက အတွင်းသိထဲကလား မသိဘူး၊ မီးခံသေတ္တာထားတဲ့အခန်းကို တန်းပြီးဝင်သွားတာ”လို့ ပြောပါတယ်။

ရပ်ကွက်ကလူတွေရောက်လာပြီး မကြာခင်မှာဘဲ ဓားပြတွေယူသွားတဲ့ကားက ယာဉ်တိုက်မှုဖြစ်တယ် ကြားလို့ အဲဒီကိုလိုက်သွားကြောင်း ၊ သူတို့ရောက်သွားချိန်မှာ ရဲတွေလည်း ရောက်လာပြီး စစ်ဆေးနေကြောင်း၊ အဲဒီအိမ်ကကားကတော့ ပျက်စီးသွားတယ်လို့  ပန်လုံသစ်ဒေသခံက ဆက်ပြောပါတယ်။ 

“ဓားပြတွေက ပန်လုံသစ်ရပ်ကွက်နဲ့  ပန်လုံဟောင်းရွာကြား ကောင်းမူးလွိုင်လမ်းဆုံရောက်တော့ နောက်ကားတစ်စီးနဲ့ တိုက်မိတယ်။ ဟိုဘက်က ကားရော သူတို့ယူသွားတဲ့ကားရော ကားခေါင်း ပျက်စီးသွားတယ်။ ဓားပြတွေက သူတို့ဓားပြတိုက်တဲ့ ပစ္စည်းတွေ ထားပြီး ကားပေါ်ကဆင်းပြီး ထွက်ပြေးသွားကြတယ်။ အိမ်ရှင်က ပစ္စည်းတွေ အကုန်ပြန်ရပြီလို့ ပြောတယ်။ ကားတော့ ပျက်စီးသွားတာပေါ့နော်။”

မူဆယ်မှာ တရားဥပဒေစိုးမိုးမှုအားနည်းပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ ပိုများလာကြောင်း၊ တရားခံကိုလည်း ဖမ်းဆီးရမိလေ့မရှိတာကြောင့်  သတိနဲ့ နေနေကြရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

//
Up