close

ဘရာဇီးတွင် ရေကြီးပြီး သီးနှံနှင့်တိရစ္ဆာန်များ ရေမြုပ်သဖြင့် လယ်သမားများ အခက်အခဲကြုံနေ

ဘရာဇီးနိုင်ငံ၊ အမေဇိုးနပ်စ်ပြည်နယ်မှာ ရေကြီးလို့ ရွာတွေမှာ ရှိသမျှ ကောက်ပဲသီးနှံတွေနဲ့ တိရစ္ဆာန်တွေ ရေအောက် မြုပ်ကုန်ပါတယ်။

အမေဇုန်မြစ်ဘေးမှာရှိတဲ့ ကာရေးရိုဒါဗာဇီယာစီရင်စုက လယ်သမားတွေဟာ သူတို့ရွာတွေရဲ့ အဓိကစီးပွားရေးအဖြစ် စိုက်ပျိုးရေးနဲ့ ကျွဲ၊ နွားမွေးမြူရေးကို မှီခိုအားထားနေရတာဖြစ်ပြီး လယ်ယာတွေ ရေနစ်ကုန်လို့ အခက်ကြုံနေကြပါတယ်။

အသက် ၆၀ အရွယ် ငှက်ပျောစိုက်တောင်သူ ဟိုဆေးလူစီယိုဒေဖရေးတပ်စ်က“ကျနော်တို့ ဒီရေဘေးကို တရစပ် ကြုံနေခဲ့တယ်။ မနှစ်က စိုက်တယ်၊ ရှုံးတယ်။ ဒီနှစ်စိုက်တယ်၊ ရေကြီးလို့ ထပ်ရှုံးပြန်ပြီ”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒေသခံ လယ်သမားတွေရဲ့အခြေအနေက လုံးဝကို စိုးရိမ်စရာကောင်းနေပြီလို့ အရပ်ဘက် ကာကွယ်ရေးဝန်ကြီး ယန်းကို့စ်တာက ပြောပါတယ်။

ရေဘေးကြောင့် စီရင်စု ၂၉ ခုဟာ အရေးပေါ် အခြေအနေအောက်မှာ ရောက်နေပြီး တခြား စီရင်စု ၂၈ ခုက တပ်လှန့်ထားတဲ့ အခြေအနေအောက်မှာရှိတယ်လို့ အမေဇိုးနပ်စ်ပြည်နယ် အရပ်ဘက် ကာကွယ်ရေးတပ်က မေ ၁၉ ရက်တည်းက ကြေညာပါတယ်။

ဒီနှစ် ဒီပြည်နယ်ထဲမှာ လူ ၂၉၀,၀၀၀ ကျော် ရေဘေးသင့်ပြီးပြီလို့ အစိုးရ သတင်းအချက် အလက်တွေက ပြောထားပါတယ်။

//
Up