အာဂျင်တီးနားနိုင်ငံတွင် လယ်သမား ထောင်ချီ ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှာ ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ သမ္မ အယ်ဗက်တို ဖာနန်ဒတ် ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒတွေကို မကျေနပ်တဲ့အတွက် ဧပြီ ၂၃ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ဆိုပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေကို အမိန့်နဲ့ ထိန်းချုပ်ထားတာကြောင့် စိုက်ပျိုးရေးသမားတွေက ဒါကို ကန့်ကွက်နေကြတာပါ။
ဆန္ဒပြသမားတွေဟာ အာဂျင်တီးနား အလံတွေကို ဝှေ့ယမ်း၊ လယ်ထွန်စက်တွေကို မြို့တော်ရဲ့ လမ်းမတွေပေါ်အထိ မောင်းတက်လာပြီး ဆန္ဒပြကြပါတယ်။
ကျေးလက်က လယ်သမားတွေ မြို့တော်အထိ ချီတက်ပြီး အခုလို ဆန္ဒပြတာမျိုးဟာ အရင်က ကြုံတောင့်ကြုံခဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားအစိုးရဟာ ပြည်တွင်း စားသုံးမှု ဖူလုံရေးအတွက်ဆိုပြီး စိုက်ပျိုးရေး သီးနှံတွေနဲ့ သားငါး တွေ ပြည်ပ တင်ပို့မှုကို ကန့်သတ်ထားပါတယ်။
ဆန္ဒပြသမားတွေဟာ အခွန်လျော့ချပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့ အိပ်ဖွင့်ပေးစာကိုလည်း ဖတ်ကြားပြီး ဒီစာကိုလည်း အစိုးရဆီ ပေးပို့သွားကြမယ်လို့ ပြောပါတယ်။