close

ဘန်ကောက်ခရိုင်ဝန်ရွေးပွဲ၌ တသီးပုဂ္ဂလ ဗိသုကာရှင် ဆန္ဒမဲ ၁ သန်းကျော်ဖြင့် စံချိန်တင်အနိုင်ရ

မေ ၂၂ ရက်က ကျင်းပပြီးစီးသွားတဲ့ ဘန်ကောက်ခရိုင်ဝန် ရွေးချယ်တင်မြှောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီကမှမဟုတ်ဘဲ တသီးပုဂ္ဂလိကအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၅၄ နှစ်ရွယ် ဗိသုကာတဦးဖြစ်သူ  ချာ့ချတ် ဆစ်ထိဖုန်းက ဆန္ဒမဲပေါင်း ၁၃၇၅၉၇၈ (တစ်သန်းသုံး သိန်းကျော်) နဲ့ ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ 

ဒုတိယ၊ တတိယ ရရှိသူတွေရဲ့ ဆန္ဒမဲမှာ ၂ သိန်းကျော်သာရှိကြပြီး မဲအများဆုံးရ ပြိုင်ဘက် ၉ ဦး စုပေါင်းလိုက်ရင်တောင်မှ သူ့တယောက်တည်းရဲ့ မဲအရေအတွက်ကို မမီလို့ ဘန်ကောက်ခရိုင်ဝန်ရွေးကောက်ပွဲသမိုင်းမှာ ချာ့ချတ်ဆစ်ထိဖုန်းမှာ အများဆုံးဆန္ဒမဲရသူအဖြစ် စံချိန်တင်သွားခဲ့တာပါ။ 

သူဟာ ဘန်ကောက်ရဲ့ ၁၇ ဦးမြောက် ခရိုင်ဝန်ဖြစ်ကြောင်း အစိုးရပြန်တမ်းက တရားဝင်မကြေညာ သေးပေမယ့် မဲအရေအတွက်မှာ အပြတ်အသတ်များနေတာမို့ သတင်းထောက်တွေ သူ့ထက်ငါ အပြိုင် အလုအယက်မေးမြန်းလို့ မနေ့ညကတော့ သတင်းစာရှင်းပွဲလုပ်လိုက်ရပါတယ်။ 

ရွေးကောက်ပွဲအနိုင်ရတဲ့အပေါ် ဘာပြောလိုသလဲလို့ သတင်းထောက်က မေးရာမှာ သူ့အနေနဲ့ အ နိုင်ရတယ်ဆိုတဲ့ စကားလုံးမသုံးလိုကြောင်း၊ ပြည်သူတွေက တာဝန်ပေးအပ်လိုက်ခြင်းသာဖြစ်ပြီး ဘန်ကောက်တိုးတက်ရေးအတွက် အတူရှေ့ဆက်ကြမယ်လို့ ဖြေဆိုပါတယ်။ 

သူ့ကို ဆန္ဒမဲပေးခဲ့သူတွေကို ဘာပြောချင်လဲလို့မေးတော့ သူ့ကို မဲပေးခဲ့တဲ့လူတွေရော၊ မဲမပေး တဲ့လူတွေပါ လူတိုင်းအတွက် ဆောက်ရွက်သွားမယ်လို့ ပြောပါတယ်။ 

ဘာကြောင့် သူ့ကိုရွေးကြတယ်လို့ ထင်သလဲလို့မေးရာမှာ သူ့ဝက်ဆိုက်ပေါ်တင်ထားတဲ့ မူဝါဒပေါင်း ၂၁၃ ချက်ကို နှစ်သက်လို့ ရွေးတယ်လို့ ယူဆကြောင်း၊ ရည်မှန်းချက်အတိုင်း အကောင်းဆုံး လုပ်ဆောင်မှာဖြစ်ပြီး လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်မှာ ပွင့်လင်းမြင်သာချပြမှာမို့ အခက် အခဲတွေကိုပါ သိရှိနိုင်မယ်လို့ သူကပြောပါတယ်။ 

သူဟာ ဘယ်ပါတီကိုမှ ကိုယ်စားပြုဝင်ပြိုင်တာမဟုတ်လို့  ဘယ်ပါတီရဲ့ ဩဇာသက်ရောက်မှုမရှိဘဲ ပြည်သူရဲ့ဩဇာသာ သက်ရောက်ကြောင်း၊ ပါတီမရှိသော်လည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး သူ့ရဲ့အလုပ်အဖွဲ့ထဲမှာလည်း သူ့ကဏ္ဍ နဲ့သူ ကျွမ်းကျင်သူတွေရှိကြောင်း၊ လူတဦးတယောက်ဟာ အရာတိုင်းကိုကျွမ်းကျင်မှာမဟုတ်လို့ သူ့ကဏ္ နဲ့သူ ကျွမ်းကျင်သူတွေဟာ မိမိပိုင်နိုင်တဲ့ ကဏ္ကကနေ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မယ်လို့ ဆိုပါ တယ်။ 

ဘန်ကောက်ခရိုင် နယ်မြေ ၅၀ မှာ တနေရာနဲ့တနေရာ အခြေအနေမတူညီလို့ သူ့နယ်မြေနဲ့ ဆီလျော်တဲ့ ပေါ်လစီတွေ ချမှတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပေါ်လစီတစ်ခုတည်းကိုပုံသေထားပြီး နေရာတိုင်း သုံးလို့မရကြောင်း ပြောပါတယ်။ 

ခရိုင်ဝန်ဖြစ်ပြီးရင် လုပ်ဆောင်ရမှာတော့ ဘန်ကောက်ခရိုင်ကို မျှော်လင့်ချက်တွေနဲ့ တိုးတက် ခေတ်မီပြီး နေချင်စရာကောင်းတဲ့ခရိုင်၊ နေထိုင်သူတိုင်းကို ပျော်ရွှင်မှုပေးနိုင်တဲ့ ခရိုင်ဖြစ်အောင် ကြိုးစားမယ်၊ သူ့ကိုရွေးခဲ့တဲ့ ဘန်ကောက်ပြည်သူတွေ နောင်တမရစေရဘူးလို့ ဆိုပါတယ်။ 

ချာ့ချတ်ဆစ်ထိဖုန်းရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းကတော့ ဖခင်ဖြစ်သူမှာ ထိုင်းရဲတပ်ဖွဲ့ အငြိမ်းစားရဲချုပ် စနေဆစ်ထိဖန်းဖြစ်ပြီး ဘန်ကောက်ဇာတိ၊ ကျူလာလောင်ကွန် စက်မှုတက္ကသိုလ်မှာ ဗိသုကာပညာအဓိကနဲ့ Phd. ပါရဂူဘွဲ့ရခဲ့ပါတယ်။ အမေရိကန် နိုင်ငံ University of Illinois Urbana-Champagne တက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ ထပ်ယူပါတယ်။ ကျူလာလောင်ကွန် နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှာ  နည်းပြ / လက်ထောက်လည်း ဖြစ်ခဲ့ပါတယ်။ ဖွေထိုင်းပါတီဝင်ဟောင်းဖြစ်ပြီး ယင်လတ်ရှင်နာ ဝပ်ဝန်ကြီးချုပ်လက်ထက်က ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး ပြောင်းလဲတော့ အိမ်ခြံမြေရောင်း  ဝယ်ရေးကုမ္ပဏီရဲ့ ဦးဆောင်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ထိုင်းအမျိုးသား ရေဒီယိုနဲ့ဆက်သွယ်ရေးဌာန နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ 

သူ့ရဲ့ထူးခြားတဲ့ဂုဏ်ပုဒ်ကတော့ ပညာတတ် လူကုံထံအသိုင်းအဝိုင်းမှ ကြီးပြင်းလာခဲ့ပေမယ့် အဆောင်ယောင်မမက် လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပြီး လိုရာခရီးကို ဘတ်စ်ကား၊ တက္ကစီ၊ အငှားဆိုင်ကယ်နဲ့ အဆင်ပြေသလိုသွားလာပါတယ်။ စက်ဘီးတစ်စီးနဲ့ မြို့ကိုပတ်ပြီး လမ်းကြို လမ်းကြားက ပြည်သူတွေရဲ့ဘဝကို လေ့လာလေ့ရှိပါတယ်။ သူ့ရဲ့ တဦးတည်းသောသားဖြစ်သူမှာ မွေးရာပါအကြားအာရုဏ် ချို့ယွင်းခဲ့တာကြောင့် မသန်မစွမ်းသူများအပေါ် အလွန်ကိုယ်ချင်းစာပြီး မသန်မစွမ်းသူတွေရဲ့ အရေးတွေလည်း ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

//
Up