close

မျောက်ကျောက်ရောဂါအတည်ပြုလူနာ ၉၂ ဦးထိရှိလာဟု WHO ထုတ်ပြန်

မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ ကပ်ဘေးမသင့်သေးတဲ့ နိုင်ငံတွေမှာ ပိုပြီး စောင့်ကြည့်စစ်ဆေးခဲ့ရာမှာ ကူးစက်ခံဦးရေ ပိုများလာတာကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၂၁ ရက်မှာ ပြောပါတယ်။

WHO ရဲ့ အချက်အလက်တွေအရ မေ ၂၁ ရက်အထိ အတည်ပြုလူနာ ၉၂ ဦးနဲ့ မျောက် ကျောက်ရောဂါ သံသယရှိသူ ၂၈ ဦးကို အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ တွေ့ခဲ့ပြီး ဒီနေ့အထိ မျောက်ကျောက် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမရှိသေးပါဘူး။

အတည်ပြုလူနာနဲ့ သံသယလူနာ အများစုဟာ ဗြိတိန်၊ စပိန်၊ ပေါ်တူဂီ နိုင်ငံတွေက ဖြစ်ပြီး ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဆွီဒင်နဲ့ အမေရိကန်နိုင်ငံတွေမှာလည်း တွေ့ရှိခဲ့ပါတယ်။

မေ ၂၂ ရက်က ဩစတြီးယားနိုင်ငံ မြို့တော် ဗီယန်နာမှာ မျောက်ကျောက် ဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာတယောက်ကို ဒီနှစ်အတွင်း ပထမဆုံးအနေနဲ့ တွေ့ခဲ့ပါတယ်။

ရထားတဲ့ အချက်အလက်တွေအရ လူမှလူ ကူးစက်ခြင်းဟာ ရောဂါလက္ခဏာပြတဲ့ လူတွေနဲ့ အတူ အနီးကပ် လူချင်းထိတွေ့နေသူတွေကြားမှာ ဖြစ်ပွားနေတယ်လို့ အကြံပြုထားပါတယ်။

မျောက်ကျောက် ဗိုင်းရပ်စ်ဟာ ရေကျောက် ဗိုင်းရပ်စ် မိသားစုဝင်ဖြစ်ပြီး ပြင်းထန်မှု အားနည်းပုံပေါ်တယ်လို့ ကနဦး သိရှိထားပါတယ်။

မျောက်ကျောက်ရောဂါ လက္ခဏာတွေထဲမှာ အဖျား၊ ခေါင်းကိုက်၊ ယောင်ယမ်း၊ နောက်ကျော နာကျင်တာ၊ ကြွက်သား နာကျင် ကိုက်ခဲတာနဲ့ မျက်နှာ လက်နဲ့ ခြေတွေမှာ အင်ပြင်တွေ တဖြည်းဖြည်း ပေါ်လာတာတွေ ဖြစ်လေ့ ရှိပါတယ်။

ဗိုင်းရပ်စ်ဟာ ပွန်းပဲ့နေတဲ့ အရေပြား၊ အသက်ရှူလမ်းကြောင်း ဒါမှမဟုတ် မျက်စိ နှာခေါင်း ပါးစပ်တွေကနေ ကိုယ်တွင်း ဝင်နိုင်ပါတယ်။ မိခင်ကနေ ကလေးကို ကူးစက်နိုင်သလို လိင်ဆက်ဆံခြင်းအားဖြင့်လည်း ကူးစက်နိုင်ပါတယ်။

ရောဂါပေါက်ပွားကာလ ၆ ရက်ကနေ ၁၃ ရက်ထိ ကြာနိုင်ပြီး တချို့တွေမှာ ၂၁ ရက်ထိ ကြာနိုင်ပါတယ်။ လူနာ အများစုကတော့ သီတင်းပတ်တွေအတွင်း ပြန် နာလန်ထူလေ့ ရှိပါတယ်။

လောလောဆယ် ရောဂါအတွက် သီးခြား ကုသနည်းမရှိဘဲ ကာကွယ်ခြင်းအားဖြင့် ထိန်းချုပ် နိုင်ပါတယ်။

ရေကျောက် ကာကွယ်ဆေးဟာ မျောက်ကျောက် ရောဂါကို ဟန့်တားရာမှာ ၈၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

//
Up