close

ကိုဗစ်ကြောင့် သေဆုံးအရေအတွက် WHO ထုတ်ပြန်ချက် အိန္ဒိယ ပယ်ချ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ တရားဝင်ဦးရေထက် အမှန်တကယ် သေဆုံးသူ ဦးရေက ၁၀ ဆများခဲ့တယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အစီရင်ခံစာကို အိန္ဒိယအစိုးရက မေ ၅ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဒယ်လ်တာ ဗီဇမျိုးကွဲကြောင့် စံချိန်တင် ကူးစက်ခဲ့ချိန်က ဆေးရုံတွေမှာ အောက်ဆီဂျင်အိုးတွေ၊ ခုတင်တွေ ပြတ်လပ်ခဲ့တဲ့အတွက် မနှစ်ကအထိ ကပ်ဘေးကြောင့် အိန္ဒိယမှာ လူ ၄ ဒသမ ၇သန်း သေဆုံးခဲ့တယ်လို့ WHO က မေ ၅ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရက အစီရင်ခံစာကို ငြင်းဆိုပယ်ချခဲ့ပါတယ်။ WHO ရဲ့ ခန့်မှန်းချက်ဟာ ပုံစံနဲ့ ထင်မြင်ယူဆချက်တွေအပေါ် အခြေခံထားတယ်လို့ ပြောရင်း အိန္ဒိယအစိုးရက ပယ်ချခဲ့တာလို့ အကြီးတန်း ကျန်းမာရေးအရာရှိတယောက်က ပြောပါတယ်။

အိန္ဒိယအစိုးရဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူ ၅၂၄,၀၀၂ ယောက်သာ သေဆုံးတယ်လို့ အစီရင်ခံထားတာပါ။ ဒါတောင် အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကူးစက်ခံ သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံ ဦးရေကတော့ ၄၃ သန်း ကျော်ခဲ့တာပါ။ အမှန်တကယ် ကူးစက်ခံဦးရေဟာ လူဦးရေ ၁ ဒသမ ၃၅ ဘီလီယံရှိတဲ့ နိုင်ငံအတွင်း လူသန်းရာချီမယ်လို့ ယုံကြည်ထားပါတယ်။

ခုအချိန်အထိ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် အစစ်အမှန် သေဆုံးမှုကို အပြည့်စုံဆုံး ဆန်းစစ်ရာမှာ ၂၀၂၁ ခုနှစ်အကုန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်စပ်သေဆုံးသူ ၁၄ ဒသမ ၉ သန်းကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က မေ ၅ ရက်မှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up