close

မက္ကဆီကိုတွင် ရာဇဝတ်ဂိုဏ်းသား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁၁ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ စီလေယာမြို့မှာ မေ ၂၃ ရက် ညပိုင်းက အရက်ဘားနှစ်ခုမှာ ရာဇဝတ်ဂိုဏ်းသားတွေ အချင်းချင်း အုပ်စုဖွဲ့ သေနတ်ပစ်ခတ်မှုအတွင်း လူ ၁၁ ယောက် သေဆုံးသွားတယ်လို့ ဒေသအရာရှိတွေနဲ့ မီဒီယာတွေက ဆိုပါတယ်။

အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၃ ယောက်က ပစ်ခတ်မှုဖြစ်တဲ့ အရက်ဘားတွေမှာပဲ သေဆုံးသွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

အမျိုးသမီး ၁ ယောက်က ဆေးရုံရောက်မှ သေဆုံးတာလို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ နောက်ထပ် နှစ်ယောက်လည်း ဒဏ်ရာရထားပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ စီလေယာမြို့ဟာ နိုင်ငံအလယ်ပိုင်းက ဂွါနာဂျူအာတိုပြည်နယ်မှာ တည်ရှိတာပါ။

မက္ကဆီကို အမျိုးသားတပ်ဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်နယ်လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်သမားတွေကို ရှာဖွေနေတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ဂွါနာဂျူအာတိုပြည်နယ်မှာ မူးယစ်ဂုဏ်းတွေ ကြီးစိုးပြီး အင်အားပြိုင်ကြရာက အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်နေပါတယ်။

အစိုးရ ကိန်းဂဏန်းတွေအရ ၂၀၂၂ ပထမ ၄ လအတွင်းမှာ လူသတ်မှုပေါင်း ၉၉၃ မှု ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ဒါကြောင့် ဒီပြည်နယ်ဟာ အနောက်ပိုင်းက မီချွာကန် ပြည်နယ်ပြီးရင် လူသတ်မှု ဒုတိယအများဆုံးဖြစ်တဲ့ ပြည်နယ် ဖြစ်လာပါတယ်။

//
Up