နိုင်ငံတကာအဖွဲ့အစည်းများမှ နုတ်ထွက်ရန် စဉ်းစားနေဟု ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌပြော

ရုရှားအစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ရုရှား ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌ ပျယ်တာ တော်စတွိုင်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက မေ ၂၅ ရက်မှာ ကြေညာပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ရုရှားအပေါ် ကျင့်သုံးရမယ့် တာဝန်တွေကို လျစ်လျူရှုထားတယ်လို့လည်း သူက မေ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
အဲဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တရားဝင် စာရွက်စာတမ်းတွေကို ရုရှားရဲ့ လက်ရှိအကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိမရှိ သိနိုင်ရေး အကဲဖြတ်ဖို့ လွှတ်တော်မှာ သက်ဆိုင်ရာ ကော်မတီတွေ ဖွဲ့ဖို့ စီစဉ်နေတယ်လို့လည်း တော်စတွိုင်းက ပြောပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခနောက်ပိုင်းမှာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန် အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတချို့က ရုရှားကို အထူးအခွင့်အရေးခံနိုင်ငံဆိုတဲ့ ကုန်သွယ်ရေး အဆင့်အတန်းကနေ ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ တချို့နိုင်ငံတွေကတော့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြတာပါ။
ဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်ဖို့ ဆွေးနွေးနေပါတယ်။
ရုရှားနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့တာနဲ့ ဥပဒေမဲ့ ပိတ်ဆို့အရေးယူတာတွေဟာ WTO စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ရုရှားထုတ်ကုန်တွေရဲ့ ဈေးကွက်ကို ပိတ်ဖို့ လှုံ့ဆော်မှုလည်းဖြစ်တယ်၊ ဒါတွေဟာ WTO စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ပဲလို့လည်း တော်စတွိုင်းက ပြောပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားက အကဲဖြတ်မှာဖြစ်ပြီး တကယ်လို့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေရင် ပယ်ချသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားဟာ သူတပါးရဲ့ အကျိုးစီးပွားကို ထိခိုက်မှာမဟုတ်တဲ့နည်းနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လုပ်သွားမယ်၊ ဒါပေမဲ့ တချိန်တည်းမှာပဲ အထူးသဖြင့် နိုင်ငံရေး ကန့်သတ်ချက်လိုမျိုး ဘယ်လိုကန့်သတ်ချက်မှ မပါဘဲ ရုရှားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့လည်း တော်စတွိုင်းက ပြောခဲ့ပါတယ်။