မက္ကဆီကိုတွင် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ

မက္ကဆီကိုနိုင်ငံမှာ အဂါစာဟာရီကိန်း မုန်တိုင်းကြောင့် သေဆုံးသူ ၁၁ ဦးအထိ မြင့်တက်လာပြီး ၃၃ ဦး ပျောက်ဆုံးနေပါတယ်။
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ထောင်နဲ့ချီတဲ့ လူတွေအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ အာဏာပိုင်တွေက ဇွန် ၁ ရက်မှာ ပြောပါတယ်။
ဝါဟာကာ့ကမ်းခြေကို ဟာရီကိန်းမုန်တိုင်းရိုက်ခတ်လာလို့ ပင်လယ်ကမ်းခြေတွေကို ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမကြီးဟာ မေ ၃၀ ရက်ကတည်းက ပြတ်တောက်ခဲ့ရပြီး ဇွန် ၁ ရက်နေ့မှာတော့ ပြန်ဖွင့်ခဲ့ပါတယ်။
နိုင်ငံခြားခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတခုဖြစ်တဲ့ နိုင်ငံတွင်းက တခုတည်းသော ဝတ်လစ်စလစ်ကမ်းခြေဖြစ်တဲ့ ဇစ်ပိုလိုက် ကမ်းခြေဟာ ပြင်းထန်စွာ ထိခိုက်ခဲ့ပါတယ်။
ပျက်စီးနေတဲ့ ပလပ်ပါလို့ခေါ်တဲ့ မက္ကဆီကန်ရိုးရာ ထန်းလက်မိုးတဲတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ သူတို့ဆိုင်ခန်းတွေက သဲတွေကို ဝန်ထမ်းတွေက ဖယ်ရှားရှင်းလင်းနေကြရပါတယ်။
ဒေသခံတွေနဲ့ သောင်တင်နေတဲ့ ခရီးသွားတချို့ဟာ စားနပ်ရိက္ခာနဲ့ ရေပြတ်လပ်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး လောင်စာဆီ၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေလည်း ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
မြစ်ချောင်းတွေ ရေလျှံတက်မှုကြောင့် လူမနေတော့တဲ့ အိမ်ပေါင်းများစွာ ပျက်စီးခဲ့ရပြီး တချို့ဒေသခံတွေဟာ သူတို့ရဲ့ ကျန်ရှိပစ္စည်းတွေကို လာရောက်သိမ်းဆည်းနေကြပါတယ်။