close

ကလေးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၇ ဦး သေဆုံး၊ PDF ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ မေ ၃၁ ရက်နဲ့ ဇွန် ၁ ရက်နေ့တွေက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

“စစ်(...)တွေက နတ်ချောင်းရွာ အထက်တန်းကျောင်းနဲ့ အောင်ဆုပန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဗျ။ အဲဒါကို ကျနော်တို့ CNDF၊ PDF(Kalay)၊ RKDF နဲ့ ပကဖတပ်ဖွဲ့တို့ ပူးပေါင်းပြီး မေ ၃၁ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်။”

ဒါ့အပြင် နတ်ချောင်းရွာထဲမှာလည်း ဇွန် ၁ ရက် မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး PDF(Kalay) က ရဲဘော်တယောက် ကျဆုံး၊ တယောက် ဒဏ်ရာရရှိကာ CNDF က ရဲဘော်တယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန် ၁ ရက် မွန်းလွဲပိုင်းကတည်းက နတ်ချောင်းရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို မေ ၃၁ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ နတ်မြောင်းဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၇ ယောက်ကို ထိမှန်ပြီး ဒဏ်ရာရရှိကာ ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

//
Up