close

သထုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံမြို့နယ် ဝီယော်-ထုံးဘိုလေး-ပိန္နဲတောလမ်းပိုင်းမှာ ဇွန် ၂ ရက် ဒီမနက် ၆ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ တပ်မဟာ ၁ နယ်မြေထဲကို စစ်ကောင်စီတပ်က အင်အားတိုးချဲ့ ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

နှစ်ဘက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ အရေအတွက် မသိရသေးဘူးလို့ ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးက ဒီဗွီဘီကို ‌‌ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ ကနေ ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီးကျည်  ၃၀ ထက်မနည်း ရမ်းပစ်ခတ်တာကြောင့် ဒေသခံအရပ်သားတဦး လက်ထိမှန် ဒဏ်ရာရခဲ့သလို လူနေအိမ်တွေနဲ့ မွေးမြူထားတဲ့ ဝက်၊ နွားတွေ ထိခိုက်သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ မနက် ၁၀ နာရီခွဲအထိ ဆက်လက် ဖြစ်ပွားနေပြီး လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ပိန္နဲတောဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်သွားလာကြဖို့ ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက သတိပေး ထုတ်ပြန်ထားပါတယ်။

//
Up