close

မောင်တောတွင် တောဆင်ရိုင်းများကြောင့် နွား ၆ ကောင် သေဆုံး၊ ၄ ကောင် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့ထဲကို  မေ ၃၁ ရက် ည သန်းခေါင်လောက်က  တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးသောင်းကျန်းခဲ့လို့ နွား ၆ ကောင် သေဆုံးခဲ့ပြီး နွားမကြီး ၄ ကောင် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“တောင်ပြိုလက်ဝဲမြို့က  ရပ်ကွက်(၁)က ရှော်တင်တရော် ပိုင်ဆိုင်တဲ့ နွားတင်းကုတ်ကို တောဆင်ရိုင်း ၃ ကောင် ဝင်ရောက်ဖျက်ဆီးခဲ့ကြပြီး တောင်ဘက်ရှိ တောင်ကုန်းပေါ်သို့ ထွက်ခွာသွား​ကြတယ်”လို့  တောင်ပြိုဒေသခံကတယောက်က ပြောပါတယ်။

တောဆင်ရိုင်း ၃ ကောင်  ဝင်ရောက်ဖျက်ဆီးလို့ တောင်ပြိုလက်ဝဲမြို့အမှတ်(၁)ရပ်ကွက်မှ ရှော်တင်တရော်ပိုင်ဆိုင်တဲ့ နွားတင်းကုတ်အတွင်းရှိ နွား ၂၇ ကောင်အနက် နွားထီး(အသေး) ၁ ကောင်၊ နွားမ(အသေး) ၃ ကောင်၊ နွားထီး(အကြီး) ၁ ကောင်၊ နွားမ(အကြီး) ၁ ကောင်၊ စုစုပေါင်း နွား ၆ ကောင် သေဆုံးခဲ့ပြီး နွားမ(အကြီး) ၄ ကောင် ဒဏ်ရာရခဲ့တာလို့ နွားပိုင်ရှင်ထံက သိရပါတယ်။

မေ ၂၇ ရက်ကလည်း မောင်တောနဲ့ ဘူးတောင်သွားလမ်းမှာ တောဆင်ရိုင်းတကောင် သောင်းကျန်းလို့ ခရီးသွားပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။

အဆိုပါဆင်မှာ မောင်တောမြို့နယ် ကျေးရွာတွေကို သွားရောက်တဲ့  အဖော်ကွဲ တောဆင်ရိုင်းတကောင်ဖြစ်တယ်လို့  မျက်မြင်ဒေသခံက ပြောပါတယ်။

“အဲဒီလူသတ်ဆင်ရိုင်းက တောင်ပြိုဘက်ကို တက်သွားတယ်လို့ သိထားရတယ်။ သူက အဖော်ကွဲနေတာ”လို့ဆိုပါတယ်။

မောင်တောမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတွေကတော့  တောဆင်ရိုင်းတွေအား သတ်ဖြတ်တာကို ဥပဒေအရတားမြစ်ထားပြီး  ဆင်ရိုင်းအန္တရာယ်ကာကွယ် အသိပညာပေးမှုတွေသာ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

//
Up