ဘောလုံးသမားဘဝ အဆိုးရွားဆုံး ၁၀ ရက်ကို ဖြတ်သန်းခဲ့ရကြောင်း ရော်ဘတ်ဆန် ဖွင့်ဟ

ဘောလုံးသမားဘဝရဲ့ အဆိုးရွားဆုံး ၁၀ ရက်ကို ဖြတ်သန်းခဲ့ရကြောင်း စကော့တလန်နဲ့ လီဗာပူးနောက်ခံလူ အန်ဒရူးရော်ဘတ်ဆန်က ပြောပါတယ်။
ရော်ဘတ်ဆန်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ အဆုံးအဖြတ်ပွဲစဉ်အနေနဲ့ မေ ၂၂ ရက်က ဝုဗ်အသင်းနဲ့ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ၁၀ ရက်အတွင်း ကစားခဲ့ရတာပါ။
အဆိုပါပွဲစဉ်တွေမှာ ဝုဗ်အသင်းနဲ့ပွဲစဉ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ မန်စီးတီးထက် တမှတ်လျော့နဲ့ ချန်ပီယံဆုဖလား လက်လွှတ်လိုက်ရတာပါ။
မေ ၂၉ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဆုဖလားလက်လွှတ်ခဲ့ရသလို ဇွန် ၁ ရက်ကလည်း ယူကရိန်းကိုရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့် လက်လွှတ်ခဲ့ရတာပါ။
အဆိုပါပွဲစဉ် ၃ ပွဲကို ၁၀ ရက်အတွင်း ကစားခဲ့ရတာက ဘောလုံးသမားဘဝမှာ အခက်ခဲဆုံးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း အများကြီး နာကျင်ခံစားခဲ့ရတယ်လို့ ရော်ဘတ်ဆန်က ပြောပါတယ်။
လီဗာပူးနဲ့အတူ ရှုံးနိမ့်ခဲ့ရတာတွေထက်စာရင် ၄ နှစ်မှတကြိမ် ကစားခွင့်ရမယ့် ကမ္ဘာ့ဖလားမှာ ရှုံးနိမ့်ခဲ့ရတာက ပိုပြီး နာကျင်ခံစားရတယ်လို့လည်း ရော်ဘတ်ဆန်က ဖွင့်ဟခဲ့ပါတယ်။