close

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီကနေ ၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြိုနယ်မှလည်း မေ ၃၀ ကနေ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ယာဉ်တချို့ ပျက်စီးခဲ့သလို တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မေ ၃၀ ကနေ ဇွန် ၂ ရက်နေ့အထိ ဖရူဆိုမြို့ယ် နန်းဖဲနဲ့ ထားလဲကျေးရွာအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နန်းဖဲကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  ဇွန် ၁ နဲ့ ၂ ရက်နေ့တွေမှာ ထားနလဲနီးက စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က  တိုက်လိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ဦးကျဆုံးပြီး အများအပြား ထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဇွန်လ ၂ ရက်ထိ တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ ဒရုန်းဖျက်လက်နက် Anti- Drone Jammer ၁ လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည် တချို့နဲ့ မြေမြှုပ်မိုင်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်ဟာ အဆိုပါနေ့က ထားလဲနဲ့ နန်းဖဲတို့ကို လေကြောင်းပစ်ကူနဲ့ လာ​ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့  ဖရူဆိုမြို့နယ် တ​နောက​လော ​ ကျေးရွာအနီး အကြမ်းဖက် စစ်​ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီရဲ့ မော်​တော်ယာဥ် ၃ စီး ထပ်မံမီး​လောင်ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ မေလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀၇ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
Up