close

တင်နက်စီပြည်နယ်တွင် သေနတ်ဘေးကင်းရေး အရေးပေါ်လုပ်မည်

အမေရိကန်နိုင်ငံ တင်နက်စီပြည်နယ် ချတ်တာနူဂါမြို့မှာ ဇွန် ၅ ရက်အစောပိုင်းက ပစ်ခတ်မှုကြောင့် လူ ၃ ယောက် သေဆုံးအပြီး အရင်တည်းက စီစဉ်ထားတဲ့ သေနတ် ဘေးကင်းရေး လုပ်ဆောင်ချက်တွေကို အရေးပေါ် ဆက်လုပ်သွားမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

မြို့တွင်း ဘားတခုမှာ ပစ်ခတ်မှုအပြီး လူ ၃ ယောက် သေဆုံးပြီး ၁၄ ယောက် သေနတ်ဒဏ်ရာ ရခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ လူ ၂ ယောက်က ကျည်သင့်သေဆုံးတာဖြစ်ပြီး နောက် ၁ ယောက်က အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးရင်း ကားတိုက် သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

“သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ကျယ်ပြန့်တဲ့ အစီအစဉ်အချို့ရှိတယ်။ ဒါတွေအားလုံးက တိုးတက်နေပြီး၊ အခု ပိုလို့တောင် အရေးတကြီးနဲ့ တိုးတက်နေလိမ့်မယ်” လို့ မြို့တော်ဝန် တင်မ်ကယ်လီက သတင်းထောက်တွေကို ပြောပါတယ်။

တက္ကဆက်၊ နယူးယောက်နဲ့ အိုကလာဟိုးမားပြည်နယ်တွေက လတ်တလော လူအစုလိုက် သတ်ဖြတ်မှုတွေအပြီး ချတ်တာနူးဂါမြို့မှာ ပစ်ခတ်မှုဟာ နောက်ဆုံး သေနတ်အကြမ်းဖက်မှုပါ။ 

ဇွန် ၄ ရက်မှာ သေနတ်သမားတွေက ဖိလဒယ်ဖီးယား ပြည်နယ်အတွင်း လူစည်တဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေရှိရာ တောင်ပိုင်းလမ်းကို ပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ယောက် သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

“အခု ကျနော်တို့ ချတ်တာနူးဂါမြို့ ဘေးကင်းဖို့နဲ့ နိုင်ငံသားတွေ ဘေးကင်းတယ်လို့ ခံစားရတာကို လိုချင်တယ်” လို့ မြို့နယ် ရဲမှူးဆယ်လက်စ်တီ မာဖီက ဇွန် ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီနှစ်အတွင်း လူအုပ်ကို ပစ်ခတ်မှု အကြိမ်ရေ ၂၄၀ ထက်မနည်း ရှိနေပြီလို့ သေနတ်နဲ့ အကြမ်းဖက်မှုဆိုင်ရာ မော်ကွန်းတိုက်လို့ နာမည်ပေးထားတဲ့ အကျိုးအမြတ် မယူတဲ့ သုတေသနအုပ်စုက ပြောပါတယ်။

//
Up