မန်စီးတီးတိုက်စစ်မှူး ဂျေးဆူကို လုပ်ခ ၂ ဆတိုးပေးပြီး အာဆင်နယ်ခေါ်ယူမည်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို မန်စီးတီးမှာရတဲ့ လုပ်ခထက် နှစ်ဆ တိုးပေးပြီး ခေါ်ယူစာချုပ်ဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူထားသလို ဇန်နဝါရီကခေါ်ယူခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်လည်းရှိနေတာကြောင့် ဂျေးဆူကို ရောင်းထုတ်သွားဖို့ရှိနေတာပါ။
ဘရာဇီးတိုက်စစ်မှူးဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းလောက် ရရှိနေပြီး အာဆင်နယ်က အဲဒီလုပ်ခရဲ့ ၂ ဆနီးပါးရှိတဲ့ ပေါင် ၁၉၀,၀၀၀ အထိပေးချေဖို့ ကမ်းလှမ်းထားပါတယ်။
အာဆင်နယ်နည်းပြအာတေတာဟာလည်း မန်စီးတီးမှာရှိစဉ်က ဂျေးဆူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ဖူးတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ရှိပါတယ်။
အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာလည်း ဂျေးဆူရဲ့အေးဂျင့်ဖြစ်သူ မယ်ဆယ်လိုပက်တီနာတီ နဲ့ ကနဦးဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီး သဘောတူညီမှုတချို့ရယူနိုင်ခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူး ဂျေးဆူကို အာဆင်နယ်အသင်းအပြင် အီတလီနဲ့စပိန်လိဂ်တွေက ကလပ်တွေကလည်း ချိတ်ဆက်မှုတွေရှိနေပါတယ်။