close

မက္ကဆီကို ရွေးကောက်ပွဲ ပြည်နယ် ၄ ခုတွင် အာဏာရပါတီ အနိုင်ရ

မက္ကဆီကိုနိုင်ငံမှာ ဇွန် ၅ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီဟာ ပြည်နယ် ၆ ခုထဲက ၄ ခုမှာ အနိုင်ရပါတယ်။ 

ကနဦး ထွက်ပေါ်လာတဲ့ ဒီရလဒ်တွေအရဆိုရင် သမ္မတ လိုပက်စ် အိုဗာဒေါဟာ ၂၀၂၄ ခုနှစ်အထိ အာဏာထိုင်ခုံမှာ  ဆက်မြဲနေမယ့် သဘောရှိပါတယ်။

သမ္မတရဲ့ လက်ဝဲယိမ်းပါတီ (MORENA) နဲ့ မဟာမိတ်တွေက ပြည်နယ် ၄ ခုမှာ အနိုင်ရသွားတဲ့ အတွက် မက္ကဆီကိုရဲ့ ဒေသန္တရအုပ်ချုပ်ရေးဌာန ၃၂ ခု ရှိတဲ့အထဲက ၂၀ ကို ထိန်းချုပ်ခွင့်ရသွားပါတယ်။

လူထုစစ်တမ်းတွေမှာတော့ သမ္မတဟာ သူ့ပါတီထက်တောင် ပိုပြီး လူကြိုက်များနေတာကို တွေ့ရပါတယ်။ 

၂၀၁၈ သမ္မတ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရပြီး ရာထူးရလာတဲ့ သမ္မတ လိုပက်စ် အိုဗာဒေါဟာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့ ရွေးကောက်ပွဲ ကတိအတိုင်း တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ အခက်တွေ့နေရပါတယ်။

ဒုစရိုက်မှုတွေလည်း သိသိသာသာလျော့ကျမသွားပေမယ့် သမ္မတဟာ လူမှုဖူလုံရေး အစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ပြခဲ့လို့ လူထုထောက်ခံမှုက ကျဆင်းမ သွားပါဘူး။ 

သမ္မတအပေါ် ဘယ်လိုပဲ လူကြိုက်များပေမယ့် မက္ကဆီကိုရဲ့ ဥပဒေအရ  သမ္မတနေရာမှာ ၆ နှစ်သက်တမ်း တကြိမ်ပဲ တာဝန်ယူခွင့်ရှိလို့ ၂၀၁၄ ဇွန်လကျရင် သမ္မတသစ်ကို ပြန်လည် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

//
Up