close

ဗြိတိန်ဝန်ကြီးချုပ်ကို ဖြုတ်ချမည့် အယုံအကြည်မရှိအဆို ရှုံးနိမ့်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ဖြုတ်ချဖို့ ဇွန် ၆ ရက်မှာ အယုံအကြည် မရှိအဆို မဲခွဲရာမှာ အဆိုတင်တဲ့ဘက်က  ရှုံးနိမ့်သွားပါတယ်။ 

ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ဆိုရင် အဆိုကို လွှတ်တော်အမတ် ၃၅၉ ယောက်ထဲက အများစု ဖြစ်တဲ့ ၁၈၀ က ထောက်ခံပေးဖို့ လိုပါတယ်။ ဒါပေမဲ့ ကွန်ဆာဗေးတစ်ပါတီအမတ် ၁၄၈ ယောက်ပဲ အယုံအကြည်မရှိအဆိုကို ထောက်ခံတဲ့အတွက် ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ရာထူးကနေ ဆင်းပေးမယ့်ဘေးကနေ လွတ်မြောက်သွား ပါတယ်။ 

မဲရလဒ်ကို ကြည့်ရင်တော့ ဝန်ကြီးချုပ်ကို အမတ် ၅၉ ရာခိုင်နှုန်းပဲ ထောက်ခံတဲ့အတွက် ၂၀၁၈ ခုနှစ်တုန်းက  ဝန်ကြီးချုပ်ထရီဇာမေကို မယုံအကြည်မရှိမဆိုနဲ့ မဲခွဲတုန်းကလောက် ဂျွန်ဆင်ဟာ ထောက်ခံမဲမရခဲ့ပါဘူး။ 

ကိုဗစ်-၁၉ ကြောင့် ဗြိတိန်မှာ ပြည်သူတွေအပေါ် အစိုးရက အသွားအလာ အနေအထိုင် စည်းကမ်းတင်းကျပ်ထားတဲ့အချိန်မှာ ဝန်ကြီးချုပ်နဲ့ သူ့ဝန်ထမ်းတွေဟာ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးခန်းနဲ့ ဝန်ကြီးချုပ်အိမ်တွေမှာ ပျော်ပွဲစားပါတီတွေ သောက်သောက်စားစား ကျင်းပခဲ့ကြတဲ့ကိစ္စ ပေါက်ကြားပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုကို ပါတီတွင်းမှာပဲ ပြန်ပြီး ဝေဖန်လာကြတာပါ။  

ဒါပေမဲ့ သူ့အစိုးရအဖွဲ့ကတော့ ဝန်ကြီးချုပ်ဟာ ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မြန်ထက်ထက် ထိုးပေးနိုင်တာ၊ ယူကရိန်းကိစ္စမှာ ဗြိတိန်ရဲ့ ရပ်တည်ချက် ပြတ်သားတာတွေကို ထောက်ပြပြီး ဝန်ကြီးချုပ်ဘက်က ထောက်ခံ ရပ်တည်ကြပါတယ်။ 

အယုံအကြည်မရှိမဆို မဲမခွဲခင်လေးမှာပဲ ဂျွန်ဆင်က တိုင်းပြည်စီးပွားရေးကို ပြန်ကောင်းအောင် လုပ်မယ်။ ကွန်ဆာဗေးတစ်ပါတီရဲ့ အစဉ်အလာ မူဝါဒ ဖြစ်တဲ့ အခွန်လျော့ချတာတွေကို လုပ်မယ်လို့ ပြောခဲ့ပါတယ်။ 

//
Up