close

စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲ လက်နက်ကြီး​ဖြင့်ပစ်ခတ်၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့လယ်ခေါင်ကို ဒီနေ့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပြီး စစ်​ကြောင်းထိုးလာတာကြောင့် မြို့ခံအရပ်သား ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးပြီး ၂ ဦးထိ ခိုက်ဒဏ်ရာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စစ်တပ်က မိုးဗြဲဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုလို့ အရပ်သားအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်တယ်။ မြို့လယ်ခေါင် ဖယ်ခုံ- မိုးဗြဲမိန်းလမ်းမကြီးပေါ်ထိကို ကျည်ကျတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

အာဏသိမ်းစစ်ကောင်စီက မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် မိုးဗြဲစည်ပင်က စျေးသည်တွေ၊ စျေးဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

“ရုတ်တရက်ကြီး မြို့ထဲကို လက်နက်ကြီးကျည်တွေကျတော့ စျေးရောင်းနေတာကနေ ထပြေးရတယ်။ ဆိုင်လည်း မသိမ်းခဲ့ရဘူး။ ဒီအတိုင်းထားခဲ့ပြီးပြေးခဲ့ရတယ်” လို့ စျေးသည်တဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ​ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မြို့အတွင်းကို အကြောင်းမဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ ရှိနေပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာ လူနေအိမ်တွေ ပျက်စီးတာတွေ မိုးဗြဲမြို့မှာ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

အလားတူ ဖယ်ခုံမြို့နယ်ထဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ကျေးရွာလုံးကျွတ်နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။

ဓာတ်ပုံ- Mobye Rescue Team

//
Up