close

ပူတာအိုတွင် PDFကို ကားဖြင့်လိုက်ပို့မှုဖြင့် ဒေသခံ အမျိုးသား ၁ ဦး ထောင် ၂ နှစ်ချမှတ်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက PDF တွေကို ကားနဲ့လိုက်ပို့မှုနဲ့  မတရားစွပ်စွဲဖမ်းဆီးခံရတဲ့ ဒေသခံ အမျိုးသား တယောက်ကို စစ်ကောင်စီတရားရုံးက  ဇွန် ၇ ရက် နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂  နှစ်ချမှတ်လိုက်ပါတယ်။

အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးဒိန်ခန်ဆင်ဇီဟာ ကျန်းမာရေးမကောင်းတဲ့သူဖြစ်လို့ ထောင်ထဲမှာ သူ့ရဲ့ကျန်းမာရေးအခြေနေအတွက် စိုးရိမ်နေရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဦးဆင်ဇီက မိသားစုရပ်တည်ရေးအတွက် ကားမောင်းပြီး ငွေရှာသူပါ။ ထောင်ထဲရောက်သွားပြီး နောက်ပိုင်းမှာလည်း ကျောက်ကပ်ရောဂါပြန်ဖောက်လို့ ကျန်းမာရေးနုံချာတယ်လို့ကြားရတယ်။ သူအဖမ်းဆီးခံရတာက မနှစ်တုန်းက  PDFတွေကို လိုက်ပို့တယ်ဆိုပြီး ဖမ်းခံရတာဖြစ်တယ်။”

ဦးဆင်ဇီကို သူ့ရဲ့ ကားနဲ့အတူ ၁၃၈ တပ်ရင်းက စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဦးဆင်ဇီရဲ့ကားကို အခုချိန်ထိပြန်မရ‌ရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

"ဦးဆင်ဇီဖမ်းဆီးခံရတုန်းက ကားနဲ့အတူဖမ်းခံရတာဖြစ်ပါတယ်။ ကားကို ၄၆ ဗျူဟာမှူးအိမ်မှာ ထိန်းထားပြီး ဗျူဟာမှူးရဲ့သားဖြစ်သူက တစ်ခါတရံ မောင်းနေတာလည်း ဒေသခံတွေ့တယ်လို့ "ပြောပါတယ်။

ပူတာအိုအကျဉ်းထောင်မှာ ဦးဆင်ဇီအပါအ၀င် နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရသူ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက်စုစုပေါင်း  ၉ ယောက်ရှိပြီး  ဖမ်းဆီးခံရတဲ့ လူငယ်အားလုံးက ရ၀မ်လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ 

//
Up