close

ဂန့်ဂေါမြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်စခန်းကို PDF တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါင်းတုံကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က  ဇွန် ၃ ရက် ‌နေ့လယ်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ‌ ဒေသခံက  ပြောပါတယ်။

ခေါင်းတုံကျေးရွာမှာ အိမ်ခြေ ၁၀၀‌ ‌ကျော်ရှိကာ နေအိမ်အများအပြား မီးလောင်ကျွမ်း‌နိုင်ခြေရှိပြီး အိမ်ခြေဘယ်လောက် လောင်ကျွမ်းတယ် ဆိုတာကိုတော့ မသိရသေးဘဲ မီးခိုးတွေကိုပဲ အဝေးက လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

ခေါင်းတုံကျေးရွာက စစ်ဘေးရှောင်ဒေသခံတဦးက "အခုကတော့ ဘေးလွတ်ရာမှာ ပြေးနေရတာ။ တခါမှ ရွာကိုမီးမရှို့ဖူးဘူး။ ဒါက ပထမဆုံးအကြိမ် မီးရှို့ခံရတာ။ မီးခိုးတွေမြင်ရသလောက်ဆို တော်တော်များနိုင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

‌မေ ၃၁ ရက် ညနေပိုင်းက ဂန့်ဂေါမြို့နယ်၊ ဆည်ပေါ်ဧည့်ရိပ်သာနဲ့ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက‌ ပြောပါတယ်။

“ကျနော်တို့က သူတို့ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ သူတို့ဘက်ကလည်း ပစ်တယ်။ အပြန်အလှန် ပစ်ခတ်ကြတာပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ကျနော်တို့   ဘက်က သူတို့ကင်းလှည့်လာတဲ့ လမ်းတွေမှာလည်း မိုင်းတွေ အဆင်သင့် ထောင်ထားခဲ့တာ၊ သူတို့လာတာနဲ့ မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာ၊ သူတို့ဘက် ထိခိုက်‌ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုမရှိဘူး။"

မေ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေက ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာကို ကုန်းကြောင်း ကသာမက လေကြောင်းကပါ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အစွမ်းကုန် ခုခံတိုက်ခိုက်ခဲ့ပေမဲ့ လက်နက်အင်အား မမျှတာကြောင့် နောက်ဆုတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦး ကျဆုံးခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ဂန့်‌ဂေါ့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁၁ လဝန်းကျင်ရှိနေပြီဖြစ်ပြီး ဂန့်ဂေါနယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

လတ်‌တလော ဂန့်ဂေါနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့တာတွေ မပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်ကြပြီး ဂရုစိုက်နေထိုင်ကြဖို့ကိုလည်း သက်ဆိုင်ရာတာဝန်ခံတွေက သတိပေးထားပါတယ်။

ခရီးသွားယာဉ်မောင်းတွေနဲ့ မိဘပြည်သူတွေအနေနဲ့ ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းကို အသုံးမပြုဖို့လည်း ဂန့်ဂေါ PDF က သတိပေး ထုတ်ပြန်ထားပါတယ်။

ခရီးသွားလာတဲ့အတွက် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်က တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း PDF ဂန့်‌ဂေါက အသိပေးထားပါတယ်။

//
Up