ကျက်ထိုးရဲကင်းစခန်းကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းလက်အောက်ခံ ကျက်ထိုးရဲကင်းစခန်းကို ဇွန် ၈ ရက် မနက်မှာ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်က ၂၀ လောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ထုတ်ပြန်ပါတယ်။
PPDF ရဲ့ တာဝန်ခံက “မြစ်ခြေနဲ့ ကမ္မကားလမ်းပေါ်မှာရှိတဲ့ ကျပ်ထိုးရဲစခန်းကို ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ P-PDF ကဝင်ရောက်တိုက်ခိုက်ခဲ့တာ။ ကျနော်တို့ဘက်က ၄၀ မမ တွေ၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ တိုက်ပွဲကြာချိန်က တနာရီခွဲလောက် ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။
PPDF ဘက်က ၄၀-မမ ဗုံးပစ်လောင်ချာအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က စစ်ကူကားတစီး ရောက်လာတာကြောင့် ကျည်နဲ့ လက်နက်အင်အား မမျှတာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။
“ရဲစခန်းကို သိမ်းနိုင်တော့မယ့် အနေအထား တယောက်နှစ်ယောက်လောက်ပဲ ကျန်တော့လို့ မီးရှို့ဖို့လုပ်တဲ့အချိန်မှာ မိုင်းပွိုင့် မရှိတဲ့နေရာကနေ လွတ်လာတဲ့ စစ်ကူကားတစီး ကျွန်လာလို့ ကျနော်တို့တပ်တွေ ဆုတ်ခဲ့ရတယ်” လို့ PPDF ရဲ့ တာဝန်ခံက ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ ကမ္မဘက်ကနေ ရဲကားတစီးနဲ့ စစ်ကောင်စီတပ်တွေ စစ်ကူလာကြသလို မြစ်ခြေဘက်ကလည်း ကားတွေနဲ့ စစ်ကောင်စီတပ်တွေ၊ ပျူစောထီးအဖွဲ့တွေ လိုက်လာတဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းကို မသိမ်းယူနိုင်ခဲ့ပေမဲ့ စခန်းအဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး PPDF ဘက်ကလည်း ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အကုန်တပ်ပြန်ဆုတ်တဲ့အချိန်မှာ နောက်ကနေ ခံပစ်ပေးတဲ့ ရဲဘော် GLock ကတော့ သေနတ်ဒဏ်ရာရသွားလို့ သယ်ယူလာတဲ့အချိန် လမ်းမှာပဲ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မေ ၂၀ ရက်နေ့က PPDF နဲ့ Earthquake PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ရဲတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။