close

မတ်ပဲဈေး ဆက်လက်မြင့်တက်နိုင်

မြန်မာ့ပြည်ပပို့ကုန် ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံတွေ ဇွန်လဆန်းပိုင်းကစပြီး စျေးကွက်ပြန်လည် ကောင်းမွန်လာပြီး ဆက်လက်ဈေးတက်လာနိုင်တယ်လို့ ပဲကုန်သည်တွေထံက စုံစမ်းသိရပါတယ်။

မေလအတွင်းက မြန်မာပဲတွေကို အိန္ဒိယနိုင်ငံက အ၀ယ်နှေးလို့ မတ်ပဲရော ပဲစင်းငုံပါ စျေးတန်းတစ်ခုမှာ ငြိမ်နေရာကနေ ဇွန်၂ ရက်က  စတင်ပြီး စျေးကောင်းလာခဲ့တာပါ။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲစင်းငုံနီက ပြီးခဲ့တဲ့သီတင်းပတ်နဲ့ယှဉ်ရင်  ကျပ် ၁၅,၀၀၀  ဈေးတက်လာပြီး၊ မတ်ပဲက ကျပ် ၅၅,၀၀၀ ကျော် စျေးမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့မေလ နောက်ဆုံးပတ်က တစ်တန်ကို ကျပ် ၁၄ သိန်းခွဲ၀န်းကျင်မှာ စျေးငြိမ်နေတဲ့ ပြည်တွင်းမတ်ပဲစျေးနှုန်းက ဇွန် ၈ ရက်မှာ  ကျပ် ၁၅ သိန်းကျော်ထိ မြင့်တက်ခဲ့ပြီး၊ ပဲစင်းငုံနီ RC စျေးနှုန်းကလည်း ကျပ် ၁၃ သိန်းခွဲ၀န်းကျင်ကနေ တစ်တန်ကို ကျပ် ၁,၅၇၀,၀၀၀ အထိ မြင့်တက်လာတာပါ။

လတ်တလော စျေးကွက်အတွင်းမှာတော့ ဝယ်လိုအားရှိပေမယ့် ရောင်းလိုအားနည်းနေပြီး  ပြည်တွင်းလှောင် လက်တွေရဲ့ ၀ယ်လိုအားကြောင့် အခုလို စျေးမြင့်တက်လာတာဖြစ်တယ်လို့ ပဲ၊နှမ်းကုန် သည်တယောက်က ပြောပါတယ်။

အခုလို မတ်ပဲနဲ့ ပဲစင်းငုံတွေ စျေးမြင့်လာပေမဲ့ သွင်းအားစုကုန်ကျစရိတ် နှစ်ဆ၊ သုံးဆ မြင့်တက်နေတဲ့ လက်ရှိအခြေအနေအရ မြန်မာတောင်သူတွေအတွက် အကျိုးအမြတ်နည်းနေသေးတယ်လို့ တောင်သူတွေက ဆိုပါတယ်။

အရင်က မတ်ပဲဈေးနှုန်းဟာ ပြည်ပ ဝယ်လက်နိုင်ငံရဲ့ ပြည်တွင်းပေါက်ဈေးနှုန်းပေါ်မှာသာ အဓိက မူတည်ပေမဲ့ ယခုအခါ ပြည်တွင်းမှာချမှတ်တဲ့ ပို့ကုန်သွင်းကုန်မူဝါဒနဲ့ မြန်မာငွေကြေးစျေး၊ ဒေါ်လာပေါက်ဈေးတွေအပေါ်မှာသာ မူတည်နေတယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားကြပါတယ်။

ဒါ့အပြင်လတ်တလော မြန်မာပြည်တွင်းချမှတ်ထားတဲ့ ပို့ကုန်၊သွင်းကုန်မူဝါဒတွေနဲ့ ငွေကြေးလဲလှယ်မှုပုံစံအရလည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လုပ်ကိုင်ရ ခက်ခဲစေတယ်လို့ ဆိုကြပါတယ်။

“အဓိကက ငွေစျေးပဲ၊ ငွေစျေးကို ထိန်းချုပ်ထားတဲ့အတွက် တက်သင့်သလောက် မတက်တော့ဘူး။ ဈေးတန်း တစ်ခုမှာ ထိန်းထားရသလိုဖြစ်နေတယ်” လို့ ပဲ၊နှမ်းကုန်သည်တယောက်က ဆိုပါတယ်။

လာမယ့် သြဂုတ် ၁ ရက်ကစပြီး ပဲမျိုးစုံကို ပြည်ပတင်ပို့ရာမှာ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှ တင်ပို့ခွင့်ပြုမယ်လို့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဓိက၀ယ်လက်ဖြစ်တဲ့ အိန္ဒိယရဲ့  ပဲလိုအပ်ချက်က ဆက်ရှိနေဦးမှာဖြစ်လို့  လာမယ့်လတွေမှာ  အိန္ဒိယ၀ယ်လိုအားနဲ့အတူ  မြန်မာမတ်ပဲ ဈေးနှုန်းလည်း အထိုက်အလျှောက် ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

//
Up