close

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မုံလယ်တောရကျောင်းစေတီ ပျက်‌စီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေကို  ဇွန် ၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့လို့ အနောက်ဂန့်ဂေါရွာ အနောက်ဘက်ရှိ မုံလယ်တောရကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ စေတီတော်တွေကို လက်နက်ကြီးကျည်ထိမှန်ခဲ့ ပျက်စီးခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး စစ်ကြောင်းထိုးတယ်။ ရွာဘက်ကို စစ်ကြောင်းထိုးတော့ ပြေးခဲ့ကြရတာ။ စစ်ကြောင်းက ထိုးတာက ဒီအတိုင်းမထိုးဘူး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ သူတို့ရဲ့လက်နက်ကြီးကြောင့် မုံလယ်တောရ စေတီတော် ထိခိုက်ပျက်စီးသွားတယ်။‌ တောကျောင်းမှာရှိတဲ့ ဆရာတော်တွေကို တော့ ထိခိုက်မှု မရှိခဲ့ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း‌ထိုး ဝင်ရောက်မှုကြောင့် ရှုံးရှီ၊ တောင်ပြင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ကြောင်းထိုးစဉ် ရှုံးရှီနဲ့ လုံခြုံရွာက ဒေသခံ ၃ ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အခုအချိန်ထိ မလွတ်မြောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါနယ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

//
Up