စစ်ပွဲအနိုင်ရမည်ဟု ယုံကြည်ကြောင်း ယူကရိန်းတပ်ဖွဲ့ဝင်များ ပြော

ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ ရုရှားရဲ့ကျူးကျော်မှုကို ခုခံကာကွယ်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေက ဒီစစ်ပွဲမှာ ယူကရိန်းနိုင်ငံက အနိုင်ရမယ်လို့ ယုံကြည်နေပြီး လူတိုင်း အသက်ရှင်လျက် အကောင်းအတိုင်း နေရပ်ပြန်လိုကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။
ရှေ့တန်းမှ ယူကရိန်းစစ်သား အိုင်ဗန်က “ကျနော် ဘာဆုတောင်းလို့ရနိုင်မလဲ။ အားလုံးအတွက် စိတ်ရှည်သည်းခံမှု၊ အားပေးမှု၊ အောင်ပွဲက ကျနော်တို့ဥစ္စာပဲလေ။ သေချာတာပေါ့” လို့ ပြောပါတယ်။
အိုင်ဗန်ဟာ သူ့လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ မြို့တွင်းကို ဖျက်ဆီးရေးသမားအုပ်စုတွေ ဝင်ရောက်လာတာကနေ တားဆီးဖို့ တာဝန်ယူထားတာပါ။
အသက် ၃၇ နှစ်အရွယ် စစ်မှုထမ်း အိုလက်ခ်စီက “ရန်သူကိုပစ်လိုက်ရုံပါပဲ။ ကျနော်တို့ဆီ ပစ်မှတ်ချိန်ထားတဲ့ ပစ်ခတ်မှုတွေလည်း ရှိနေလို့ ကျနော်တို့က တုံ့ပြန်ရမှာပါ” လို့ ပြောပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်က အိမ်နီးချင်း ယူကရိန်းကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ နာဇီစနစ် ဖျက်သိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးကတည်းက လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီ ထွက်ပြေးနေရပါတယ်။
ယူကရိန်းနဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ ဒီကျူးကျော်စစ်ဟာ အကြောင်းပြချက် မမှန်ကန်တဲ့ ရန်လိုမှုစစ်ပွဲလို့ ခေါ်ဆိုထားပါတယ်။