close

မေရီလန်းပြည်နယ်ရှိ စက်ရုံတရုံတွင် သေနတ်သမားပစ်ခတ်၊ အနည်းဆုံး ၃ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ စမစ်သ်ဘာ့ဂ်မြို့ရှိ ကုန်ထုတ်လုပ်ရေး စက်ရုံ တရုံမှာ ဇွန် ၉ ရက်က သေနတ်သမား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ သုံးယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘယ်သူဘယ်ဝါမှန်း ချက်ချင်းမသိရသေးတဲ့ သံသယရှိသူဟာ မေရီလန်းပြည်နယ်  စမစ်သ်ဘာ့ဂ်မြို့ရှိ ကိုလံဘီယာ စက်ပစ္စည်း အင်ကော်ပိုရိတ်ရဲ့ စက်ရုံမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Fox News က ဖော်ပြခဲ့ပါတယ်။

ဘာကြောင့်ပစ်ခတ်မှုဖြစ်တယ် ဆိုတာတော့ ချက်ချင်းမသိရသေးဘဲ အခင်းဖြစ်ပွားရာ နေရာမှာတော့ ရဲတွေနဲ့ တခြားယာဉ်တွေ ရောက်ရှိနေကြပါတယ်။

မေရီလန်း လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်ထရုန်းက “အခု စမစ်သ်ဘာ့ဂ်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို အသေအချာ စောင့်ကြည့်နေပြီး မြေပြင်တာဝန်ရှိသူတွေနဲ့ ကျနော်တို့ရုံးက ဆက်သွယ်နေပါတယ်”လို့ တွစ်တာမှာ ပြောပါတယ်။

ကိုလံဘီယာစက်ရုံကနေ  နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ဖောက်သည်တွေကို ကွန်ကရစ်ထုတ်လုပ်တဲ့ စက်ကိရိယာတွေ ဖြန့်ဖြူးထောက်ပံ့ပေးနေကြောင်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

//
Up