close

အထွေအထွေအကျပ်အတည်း ဆိုက်နေပြီဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သတိပေး

နိုင်ငံပေါင်း ၁၀၀ ကျော်က ကုန်သွယ်ရေး ဝန်ကြီးတွေ တက်ရောက်တဲ့ အစည်းအဝေးကို ဂျီနီဗာမှာ ကျင်းပနေပါတယ်။ 

အစည်းအဝေးမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ ညွှန်ကြားရေးမှူးချုပ် အန်ဂိုဇီ အော့ကွန်ဂျို ဗေလာ Ngozi Okonjo-Iweala က ကမ္ဘာ့ကြီးမှာ လက်ရှိ ကြုံနေရတဲ့  ကိုဗစ်- ၁၉ ကပ်ဘေး၊ ယူကရိန်း စစ်ပွဲ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင် အကျပ်အတည်း ကိစ္စတွေကို မီးမောင်းထိုးပြပြီး အထွေထွေအကျပ်အတည်း ဆိုက်နေပြီလို့ သတိပေးလိုက်ပါတယ်။ 

ဒီကိစ္စတွေကို ဖြေရှင်းဖို့ဆိုရင် အစည်းအဝေး တက်ရောက်နေကြတဲ့ နိုင်ငံပေါင်းစုံက ကုန်သွယ်ရေးဝန်ကြီးတွေမှာ ဖြေရှင်းလိုတဲ့ နိုင်ငံရေး ဆန္ဒရှိဖို့ လိုတယ်လို့ ပြောပါတယ်။ 

ငါးဖမ်းလုပ်ငန်းကို အားပေးဖို့၊ ကိုဗစ် ကာကွယ်ဆေးကို လူများများဆီ ရောက်အောင် ကြိုးစားပေးကြဖို့၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အပြင် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီးကို ပြုပြင်ပြောင်းလဲဖို့ ကိစ္စရပ်တွေကို ညှိနှိုင်းသဘောတူကြဖို့ သူက တိုက်တွန်းလိုက်တာပါ။ 

“အခု ကြုံနေရတဲ့ ပြဿနာတွေထဲက တခုကို ကိုင်တွယ်ဖို့တောင် ခက်လိမ့်မယ်။ ခက်ခဲတဲ့ လမ်းကြမ်းကို ဖြတ်လျှောက်ရသလိုမျိုး၊ မြေမြှုပ်မိုင်းတွေကလည်း တလမ်းလုံး အပြည့်ရှိနေလိမ့်မယ်” လို့ ပြောပါတယ်။ 

ဒါပေမယ့် ကျင်းပနေတဲ့ အစည်းအဝေးကနေ အပြုသဘောဆောင်တဲ့ ရလဒ် ထွက်ပေါ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

//
Up