လက်နက်ထိန်းချုပ်ရေး အမေရိကန် ပြည်သူများ တောင်းဆိုဆန္ဒပြ

လက်နက်ထိန်းချုပ်ရေးကို တောင်းဆိုတဲ့ လူထုစုဝေးပွဲတွေကို နယူးယော့ခ်မြို့အပါအဝင် အမေရိကန် ပြည်ထောင်စုတဝန်းမှာ ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
အရင်လတုန်းက တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းကို သေနတ်နဲ့ ဝင်ပစ်လို့ ကလေးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် နောက်ပိုင်း ဆန္ဒပြပွဲတွေ အခုလို ကျယ်ပြန့်လာတာပါ။
နယူးယော့ခ်က ဆန္ဒပြပွဲမှာ ကျောင်းသား ကျောင်းသူတွေကိုလည်း ဆန္ဒပြပွဲမှာ တွေ့ရပါတယ်။ ကိုးတန်းကျောင်းသူ အန်ယာဘစ်က “ဒီအတိုင်းပဲ ဆက်သွားနေဦးမယ်။ ဒါကိုပြန်တိုက်ဖို့ နည်းလမ်းမရှာဘူးဆိုရင် ဒီသံသရာက ဆုံးတော့မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို “တို့အသက်အတွက် တို့ ချီတက် March for Our Lives (MFOL)” လှုပ်ရှားမှု အဖွဲ့က စီစဉ်တာပါ။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ်တုန်းက ဖလော်ရီဒါပြည်နယ် ပါခ်လန်းမြို့က အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေက ထူထောင်ထားတာ ဖြစ်ပါတယ်။
စနေနေ့ တရက်တည်းမှာ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်နဲ့ ချီကာဂိုမြို့တွေမှာ ဆန္ဒပြပွဲတွေကို တပြိုင်တည်းပြုလုပ်ဖို့ ဒီအဖွဲ့က စီစဉ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ပါခ်လန်းအထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုမှာ ကျောင်းသား ကျောင်းသူ ၁၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ရက်သတ္တပတ်တွေအကြာမှာ ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြီး လူရာပေါင်းများစွာဟာ ကွန်ဂရက်လွှတ်တော်အထိ ချီတက်ပြီး လက်နက်ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း တောင်းဆိုခဲ့ပေမယ့် ရီပက်ဘလစ်ကန် အမတ်တွေက ကန့်ကွက်တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။
ချေမှုန်းရေး လက်နက်တွေကို ပိတ်ပင်ဖို့၊ တခြားလက်နက်တွေကိုင်ဆောင်ခွင့်ကိုလည်း စိစစ်ဖို့ ဒီလအစောပိုင်းမှာ ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အခု စနေနေ့ ဆန္ဒပြပွဲတွေကို သူလည်း ထောက်ခံတယ်လို့ ပြောပါတယ်။