close

ဗင်နီဇွဲလားလေယာဉ်ဝန်ထမ်းများ နေထိုင်သည့်ဟိုတယ်ကို အာဂျင်တီးနားရဲတပ်ဖွဲ့ ဝင်စီးနင်း

အာဂျင်တီးနား ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဇွန် ၁၄ ရက်က ဗင်နီဇွဲလားလေကြောင်းပိုင် Emtrasur လေယာဉ်ဝန်ထမ်းတွေကို နေခွင့်ပေးထားတဲ့ ဟိုတယ်ထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ဆဲလ်ဖုန်း ၁၈ လုံးနဲ့ Tablet  ကွန်ပြူတာ ၇ ခုတို့ကို သိမ်းဆည်းခဲ့ပါတယ်။

ဒီစီးနင်းမှုကို အရုဏ်တက်ချိန်မှာ ကန်းနင်းဒီအဇီဇာရှိ ပလာဇာ စင်ထရယ်ဟိုတယ်မှာ လုပ်ဆောင်ခဲ့တာပါ။

အာဂျင်တီးနားဟာ အီရန်နဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့ လေယာဉ်ကို ပျံတက်ခွင့် ပိတ်ထားပြီးနောက် စုံစမ်းစစ်ဆေးမှုကို ရှေ့ဆက်လုပ်ဆောင်ရာမှာ အဓိကသော့ချက် ဖြစ်နိုင်တဲ့ စက်ပစ္စည်းတွေကို သိမ်းဆည်းတာလို့ ဆိုပါတယ်။

တရားသူကြီးဟာ ဒီစုံစမ်းစစ်ဆေးမှုကို မြို့တော်ရဲ့ ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့လက်ထဲ အပ်ထားပါတယ်။

အီရန်နိုင်ငံနဲ့ ချိတ်ဆက်မှုရှိတဲ့ ဗင်နီဇွဲလား ဘိုးရင်း ၇၄၇ ကုန်တင်လေယာဉ်ဟာ မက္ကဆီကိုနိုင်ငံကနေ ကားအစိတ်အပိုင်းတွေ တင်ဆောင်လာပြီး ဇွန် ၆ ရက်က ကော်ဒိုဘာလေဆိပ်မှာ ဆင်းသက်ခဲ့ပါတယ်။

လေယာဉ်ကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို အာဂျင်တီးနားဂျူးများအသင်းများအဖွဲ့ (DAIA) အပါအဝင် ပြည်တွင်းပြည်ပက ပြောဆို သတိပေးခဲ့ကြပါတယ်။

အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ သူ့ရဲ့ Quds တပ်ဖွဲ့ဌာနခွဲတို့နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဇွန် ၁၃ ရက်က တရားသူကြီးဟာ အီရန်နိုင်ငံသား ငါးဦးနဲ့ ဗင်နီဇွဲလား လေယာဉ်အမှုထမ်း ၁၄ ဦးတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းဖို့ အမိန့်ပေးခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်နေပြီး ၁၉၉၄ ခုနှစ် ဗြူနိုအေးရီးစ်မှာ ဗုံးကြဲတိုက်ခိုက်မှုအတွက် အာဂျင်တီးနားက စွပ်စွဲထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

//
Up