close

အစ္စ‌ရေး သဘာဝဓာတ်ငွေ့အား အီဂျစ်မှတဆင့် ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရေး မျှော်လင့်

ယူကရိန်းကို ကျူးကျော်ခဲ့ပြီးတဲ့နောက် ရုရှားစွမ်းအင်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ဥရောပက အစ္စရေးကို မျှော်လင့်နေတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဇွန် ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ဗွန်ဒါလေယန်က အစ္စရေးဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ ဂျေရုဆလင်မြို့က သတင်းစာရှင်းလင်းပွဲမှာ “ဒါက ကျမတို့အတွက် အလွန်အရေးကြီးပါတယ်။ အီဂျစ်ကနေတဆင့် ဥရောပသမဂ္ဂဆီ ဓာတ်ငွေ့တွေ ပိုတိုးပြီးပို့ဆောင်ဖို့ ဆန္ဒရှိတဲ့ ဒီစိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်းကို အခု ဆွေးနွေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂ၊ အစ္စရေးနဲ့ အီဂျစ်တို့ဟာ ဇွန် ၁၅ ရက်မှာ နားလည်မှုစာချွန်လွှာတရပ်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။

အစ္စရေးဟာ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့ အီဂျစ်နိုင်ငံဆီ လွှဲပေးမှာပါ။ အဲဒီနောက် အီဂျစ်မှာ သဘာဝဓာတ်ငွေ့ရည် (LNG) ဖြစ်အောင် လုပ်ပြီးတဲ့အခါ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီ လွှဲပြောင်းပေးပို့မှာ ဖြစ်ပါတယ်။

ဇွန် ၁၄ ရက် အစောပိုင်းမှာ ဗွန်ဒါလေယန်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ယဒ် ဗာရှမ် အောက်မေ့ဖွယ်ပြတိုက်ဆီကို သွားရောက်ခဲ့ပါတယ်။

//
Up