ယူကရိန်းကိုထောက်ခံရန် ပြင်သစ်၊ ဂျာမန်နှင့် အီတလီခေါင်းဆောင်များ ကိယက်ဗ်ကို ရောက်ရှိ

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့ဇ်နဲ့ အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီတို့ဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုအား ခုခံကာကွယ်နေတဲ့ ယူကရိန်းကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ မြို့တော် ကိယက်ဗ်ကို ဇွန် ၁၆ ရက်မှာ ရောက်ရှိလာပါတယ်။
နိုင်ငံခေါင်းဆောင် ၃ ယောက်တို့ဟာ ကိယက်ဗ်ကို ညရထားနဲ့ လိုက်ပါလာကြောင်း အီတလီ နေ့စဉ်ထုတ် La Repubblica သတင်းစာကနေ တင်ထားတဲ့ဓာတ်ပုံကို ယူကရိန်းဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Etienne de Poncins က သူ့ရဲ့တွစ်တာ အကောင့်မှာ ပြသခဲ့ပါတယ်။
"ဒါဟာ အရေးကြီးတဲ့ အခိုက်အတန့်ပါ။ ဒါ ယူကရိန်းနိုင်ငံသားတွေဆီ ကျနော်တို့ ပေးပို့လိုက်တဲ့ စည်းလုံးညီညွတ်မှု သတင်းစကားပါပဲ”လို့ ကိယက်ဗ်မြို့ကို ရောက်ရှိလာတဲ့ ပြင်သစ်သမ္မတ မက်ခွန်း က ပြောကြားခဲ့ပါတယ်။
ဇွန် ၁၅ ရက်က သူ့ရဲ့ရိုမေးနီးယားနိုင်ငံ ခရီးစဉ်မှာ ရုရှားနိုင်ငံအပေါ် ပိုမိုတင်းမာတဲ့ သဘောထားရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နောက်ဆုံးမှာ ကိယက်ဗ်ကို မော်စကိုနဲ့ ညှိနှိုင်းရမယ်လို့ အခိုင်အမာ ပြောကြားနေကြချိန်မှာ ဥရောပက ယူကရိန်းကို အားကောင်းတဲ့အချက်ပြမှုတခု ပေးပို့ဖို့ လိုအပ်ကြောင်း မက်ခွန်းက ပြောပါတယ်။
ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့ဟာ ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးဖို့ လေးကန်ဖင့်နှေးနေပြီး ယူကရိန်းရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးထက် သူတို့ကိုယ်ပိုင်အကျိုးစီပွားကို ဦးစားပေးနေတယ်လို့ ကိယက်ဗ်က ဝေဖန်ထားတာပါ။
သူတို့ရဲ့စစ်ပွဲအပေါ် တုံ့ပြန်သဘောထားတွေအပေါ် ကိယက်ဗ်ရဲ့ဝေဖန်မှုတွေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့အနေနဲ့ ဒီခရီးစဉ်ကို အချိန်ယူစီစဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယူကရိန်းက နိုင်ငံတောင်ပိုင်းနဲ့အရှေ့ဘက်မှာ ရုရှားတပ်တွေ ရှေ့တိုးလာမှုကို ခုခံကာကွယ်ဖို့ လက်နက်တွေ ထပ်တောင်းဆိုနေတာပါ။
မိုက်ကိုလေ့ဗ်မှာ ယူကရိန်းတပ်တွေကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ဒီမစ်ထရို မာချန်ကိုက သူ့တပ်ဖွဲ့တွေအား သင့်တော်တဲ့ လက်နက်တွေ ပေးမယ်ဆိုရင် ရုရှားကို အောင်ပွဲရနိုင်တယ်လို့ ပြောပါတယ်။
လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် အီးယူထိပ်သီး အစည်းအဝေးမတိုင်ခင် နိုင်ငံ ၂၇ နိုင်ငံ အစုအဖွဲ့- အီးယူကို ဝင်ရောက်ဖို့ ကိယက်ဗ် ရဲ့ အဆိုပြုချက်ကို ဆွေးနွေးဖို့ အကောင်းဆုံးလို့ စဉ်းစားထားကြကြောင်း ပြင်သစ်သမ္မတ နန်းတော် အယ်လီဇေး အရာရှိတဦးက ပြောပါတယ်။
ဥရောပကော်မရှင်ဟာ ဇွန် ၁၇ ရက်မှာ အီးယူ ကိုယ်စားလှယ်လောင်းအဖြစ် ဆောင်ရွက်မယ့် ယူကရိန်းရဲ့အဆင့်အတန်းနဲ့ပတ်သက်လို့ အကြံပြုချက်တရပ်ကို ထုတ်ပြန်ဖို့ ရှိနေပါတယ်။