ဂျုံအစား ဆန်မှုန့် ပြောင်းသုံးရန် တောင်ကိုရီးယားအစိုးရ အကြံပြု

ကမ္ဘာတလွှားမှာ ဂျုံစျေးက တနှစ်အတွင်း ၃၀ ရာခိုင်နှုန်း တက်လာခဲ့အပြီး တောင်ကိုရီးယား အစိုးရက သူ့ပြည်သူတွေ အစားထိုး ရွေးစရာအနေနဲ့ ဆန်မှုန့် ပြောင်းသုံးဖို့ အားပေးနေပါတယ်။
တောင်ကိုရီးယားဟာ ပိုရှားပါးစျေးကြီးလာတဲ့ ဂျုံနဲ့ တခြား ကောက်ပဲသီးနှံတွေ အပါအဝင် တင်သွင်းကုန်စည်တွေအပေါ် မှီခိုနေရတာပါ။
လောလောဆယ်မှာတော့ နိုင်ငံတကာမှာ ကောက်ပဲသီးနှံစျေး တက်နေပေမဲ့ တောင်ကိုရီးယားရဲ့ အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးက ကျနေပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ စိုက်ပျိုးမြေ ထက်ဝက်ကျော်ဟာ စပါးခင်းတွေပါ။ မနှစ်က စပါးစိုက်နှုန်း နည်းနည်းပိုတက်လာပြီး လူတယောက်ချင်းစီ ဆန်စားနှုန်း ကျဆင်းခဲ့ပါတယ်။
ဒါကြောင့် မနှစ်က ဇွန်လတုန်းကထက် ဒီနှစ်မှာ ဆန်လက်လီစျေး ၁၆ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရက ဆန်မှုန့်ထုတ်လုပ်ဖို့ အထူးစီစဉ်ထားတဲ့ စပါးမျိုးစိတ်သစ်ကို တချို့စပါးခင်းတွေမှာ အစားထိုးစိုက်ပျိုးရင်း စပါးလုပ်ငန်း တိုးမြှင့်မယ့် အစီအစဉ်ကို လတ်တလောမှာ ကြေညာခဲ့ပါတယ်။
လက်ရှိ ဆန်ကို အမှုန့်လုပ်တဲ့နည်းလမ်းဟာ ဂျုံမှုန့်လုပ်တာထက် သိသိသာသာ ကုန်ကျစရိတ် များနေတာပါ။ အခု အစားထိုးမယ့် ဆန်မျိုးစိတ်သစ်ကတော့ အချိန်နဲ့ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ပြည်ပကနေ တင်သွင်းတဲ့ ဂျုံမှုန့်အစား ပြည်တွင်းဖြစ် ဆန်မှုန့်နဲ့ ချက်ပြုတ်နည်းတွေကို စူးစမ်းလေ့လာဖို့ တောင်ကိုရီးယားနိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။
တောင်ကိုရီးယားအစိုးရဟာ အခု ငါးနှစ်အတွင်း လက်ရှိ ဆန်မျိုးစိတ်သစ် တန်ချိန် ၁၀၀ ကျော်ကနေ တန်ချိန် ၂ သိန်းအထိ တိုးမြှင့်ထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။