ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမြေပြို၊ မိုးကြိုးပစ်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

ရေကြီးမှုနဲ့ကြုံတွေ့ရေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်းပတ်ကုန်ရက်က မိုးကြိုးပစ်တာနဲ့ မြေပြိုတာတွေကြောင့် လူ ၂၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။
နိုင်ငံရဲ့ လတ်တလော သမိုင်းမှာ အဆိုးဆုံး မုတ်သုံရာသီ ရေကြီးမှုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း ဒေသက မြေနိမ့်ပိုင်းမှာ လူသန်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
နိုင်ငံအတွင်း မြစ်အများအပြားက အန္တရာယ်ရှိတဲ့အဆင့်ထိ မြစ်ရေ မြင့်တက်ခဲ့ပြီး တောင်တွေပေါ်မှာ မိုးကြီးလို့ စီးလာတဲ့ ရေတွေကြောင့် အခြေအနေ ပိုဆိုးခဲ့တာလို့ ရေကြီးမှုဆိုင်ရာ ခန့်မှန်းသတိပေးဌာန အကြီးအကဲ အာရီဖက်ဇ်ဇာမန် ဘူအီယန်က ပြောပါတယ်။
နိုင်ငံတဝန်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်တပ်နဲ့ ရဲအရာရှိ ထောင်ချီကို တာဝန်ချထားရပါတယ်။
ခုချိန်ထိ လူ တစ်သိန်းခွဲလောက်ကို ဘေးကင်းရာ ရွှေ့ပေး ထားရပြီး လူအယောက် လေးသန်းကျော် ရေဘေးမှာ သောင်တင်နေတယ်လို့ ရဲအရာရှိတွေက ခန့်မှန်း ထားပါတယ်။
တကယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သင့်တော်အောင် ဆောင်ရွက်တာ မရှိရင် တနိုင်ငံလုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုရင်ဆိုင်နေရလိမ့်မယ်လို့ ဆူနမ်ဂန့်ဂျ် ခရိုင်က လက်ရှိ အာဏာရပါတီရဲ့ နိုင်ငံရေးသမားနဲ့အမတ်ဟောင်း ဆေးယတ်ရာဖစ်ကယ်ဟာကေးက ပြောပါတယ်။
မြေအမြင့်ပိုင်းတွေက အစိုးရစီမံနေတဲ့ ယာယီ ခိုလှုံရေးစခန်းတွေမှာ လူ ၂ သိန်းလောက် နေနေရပြီး လူ ၃ ဒသမ ၁ သန်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ လတ်တလော နှစ်တွေမှာ အစွန်းရောက် ရာသီဥတုတွေ ပိုတိုးလာနေတာလို့ အကြီးစား အပျက်အစီးတွေကို ရင်ဆိုင်နေရပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် မြေနိမ့်ပြီး လူနေသိပ်သည်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကပ်ဘေးတွေ ပိုများလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။