close

မုံရွာတွင် ကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ကမ်းနားလမ်း အမြန်ရေယာဉ်ဆိပ်အနီးမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက် ညနေပိုင်းက ကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂ ဒသမ ၇၈ ကီလို ဖမ်းဆီးမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ 

ဇော်မျိုးဝင်း(ခ)ဖိုးပြား မောင်းနှင်ပြီး နောင်နောင်(ခ)မြင့်နောင် လိုက်ပါလာတဲ့ SUZUKI မော်တော်ယာဉ်ကို သတင်းအရ  မူးယစ်တပ်ဖွဲ့က ရှာဖွေကြရာမှာ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

“အထက်ပိုင်းကို ပို့မယ့် ဘိန်းဖြူတွေ ဖမ်းမိတယ်လို့‌ ကမ်းနားကလူတွေ ပြောသံကြားတယ်၊ များတယ်လို့လည်း ပြောတယ်” လို့ မုံရွာမြို့ခံတစ်ဦးက DVB ကိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ‌တွေကို မုံရွာမြို့မှ ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းမြို့ကို ပို့ဆောင်မှာဖြစ်ပြီး ဖမ်းဆီးထားသူ အမျိုးသားနှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူထားကာ ကွင်းဆက် ပြစ်မှု ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ မူးယစ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဟုမ္မလင်းနယ်သားတစ်ဦးက “ဆေးသမားတွေကတော့ ပေါမှပေါ၊ ခိုးသလားလဲမမေးနဲ့ လစ်တာနဲ့ ဝင်ခိုးတာပဲ” လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ရွှေလုပ်ငန်းတွေရှိပြီး ရွှေ့ပြောင်းလုပ်သားတွေ အမြောက်အမြားရှိကာ ဒီနေ့အချိန်မှာ မူးယစ်ဆေးဝါး သုံးဆွဲရောင်းချသူတွေ ပေါများနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာလည်း ဇွန်လ ၁၄ ရက်က  ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပါတယ်။

//
Up