close

မုံရွာမြို့က နေအိမ်တလုံးတွင် ကျပ်သိန်း ၁၈၀၀ ဖိုးခန့် ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း  မုံရွာမြို့  ရတနာပုံရပ်ကွက်၊ အမှတ် ၃ လမ်းမှာရှိတဲ့ လူနေအိမ်တလုံးမှာ  ဇွန် ၆ ရက်က ကျပ်သိန်း ၁၈၀၀ ဖိုးလောက် ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ မနက်၈ နာရီလောက်မှာ အသက် ၇၀ အဘွားကြီးနဲ့ အသက် ၂ နှစ်အရွယ် မြေအဘွား ၂ ယောက်တည်းရှိတာ။ အဲဒီအချိန်မှာ အမျိုးသမီးနဲ့အမျိုးသားတယောက် ဝင်သွားတာ တွေ့တယ်။ သူတို့ အမျိုးတွေ လာတာထင်တယ်။ နောက်မှ ဓားပြတိုက်သွားတယ်ဆိုတာ သိရတယ်” လို့ အနီး ပတ်ဝန်းကျင်နေသူ တဦးက ပြောပါတယ်။

မုံရွာမြို့ ရတနာပုံ ၃ လမ်း ဒေါ်ခင်ဌေးရဲ့နေအိမ်မှာ ဓားပြတိုက်ခံရတာဖြစ်ပြီး ဓားပြတိုက်သူတွေဟာ အဘွားအိုကို မျက်နှာအုပ်ကာ ကြိုးတုပ်ပြီး ငွေကျပ် သိန်း ၁၇၅၀၊ ရွှေ ၁၀ သားတုံး ၁ တုံးနဲ့ ဖုန်း ၁ လုံး ယူသွားတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့မှာ ဓားပြတိုက်၊ ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

//
Up