close

မှော်ဘီတွင် ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Photo-(CCDAC)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ငွေကျပ်သိန်း ၄၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ် ဆေးပြားတွေနဲ့အတူ ခြံစောင့် နှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC)က  ဇွန် ၂၁ ရက်မှာထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ  ဇွန် ၁ ရက်နေ့ ည ၁၀ နာရီခွဲလောက်က  ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ အောင်မင်းရဲ့ နေအိမ်ကို သတင်းအရ ရှာဖွေရာမှာ ခြံစောင့် ခင်မောင်ထွန်းနဲ့ ကိုကိုနိုင်တို့ နှစ်ယောက်နဲ့အတူ သနပ်ခါးဘူးတွေ၊ ဇီးသီးထုပ်တွေနဲ့ အုန်းသီးခြောက်တွေထဲမှာ ထည့်သွင်းဝှက်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၁ သိန်းကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆေးပြားတွေရဲ့ ဒေသကာလတန်ဖိုးငွေဟာ ကျပ်သိန်းပေါင်း ၄၂၁၀၀ ရှိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားတွေရဲ့ ပိုင်ရှင်ဟာ အောင်မင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇၇၅၀ ပြား ဖမ်းဆီးရမိမှုရဲ့ ကွင်းဆက်တရားခံပြေးတယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်က မောင်တောမြို့မရဲစခန်းမှာ ဖမ်းဆီးခံနေရသူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

//
Up