ဟန်ဂေရီတွင် ဥရောပ ၅ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်

ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားနိုင်ငံတွေက စစ်တပ်အဖွဲ့ဝင်တွေဟာ Fire blade 2022 လို့ခေါ်တဲ့ ရဟတ်ယာဉ် ပူးတွဲလေ့ကျင့်ခန်းကို ဇွန် ၂၁ ရက်က ဟန်ဂေရီနိုင်ငံ အနောက်ပိုင်းမှာ စတင်လိုက်ပါတယ်။
ဥရောပကာကွယ်ရေးအေဂျင်စီ (EDA) က ကျင်းပတဲ့ သီတင်း ၃ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ဥရောပနိုင်ငံ အတော်များများအကြားမှာ တိုက်ခိုက်ရေးနည်းပညာတွေ အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
အာဖဂန်နစ္စတန်က ပြောက်ကျားသူပုန်တွေကနေ ယူကရိန်းပဋိပက္ခလို တနိုင်ငံက တနိုင်ငံကို ကျူးကျော်မှုအထိ အခြေအနေတွေကို လေ့ကျင့်ခန်းက အာရုံစိုက်ထားတယ်လို့ EDA ရဲ့ စီမံကိန်းအရာရှိ ဟိုဆေး ပါဘလို ရိုမေရာက ပြောပါတယ်။ ဒီလေ့ကျင့်ခန်းကို ၂၀၁၇ ခုနှစ်က နောက်ဆုံးလေ့ကျင့်ခဲ့တာပါ။
ယူကရိန်းစစ်ပွဲဟာ ဥရောပတပ်ဖွဲ့တွေ လှုပ်ရှားဆောင်ရွက်နေတဲ့ ဇာတ်ညွှန်းမဟုတ်ပေမဲ့ ဘယ်အရာအတွက်မဆို ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
ရဟတ်ယာဉ်အစီး ၂၀၊ လေယာဉ် ၅ စီးနဲ့ မီးခိုးထုတ်စက် ၂ လုံးတို့သုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ ဓားစာခံကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်။