ရုရှားက စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးပြုနေဟု အမေရိကန်ဝေဖန်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း ကောက်ပဲသီးနှံ ပြည်ပတင်ပို့မှုကို ပိတ်ဆို့ရင်း စားနပ်ရိက္ခာကို လက်နက်အဖြစ် သုံးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်တွေကို ဇွန် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီကောက်ပဲသီးနှံတွေကို ဘယ်လိုပြည်ပထုတ်မလဲဆိုတဲ့ နည်းလမ်းတွေကို စစ်ဆေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်ခဲ့လို့ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းကနေ ကောက်ပဲသီးနှံတင်ပို့မှု ရပ်သွားခဲ့ရတာပါ။ ဒါကြောင့် တကမ္ဘာလုံး စားနပ်ရိက္ခာ ပြတ်လပ်ခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားအစိုးရကတော့ ဒီအကျပ်အတည်းအတွက် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုကို အပြစ်တင်ထားပါတယ်။
ကုလသမဂ္ဂကတော့ ထွက်ပေါက် စင်္ကြံလမ်းအတွက် သဘောတူပေးဖို့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင် တူရကီနဲ့ ပင်လယ်အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ရုရှား၊ ယူကရိန်း နှစ်ဖက်စလုံးကို မေတ္တာရပ်ခံထားပါတယ်။