ဘယ်လ်ဂျီယံတွင် လေယာဉ်ဝန်ထမ်းများ သပိတ်မှောက်မှုကြောင့် ခရီးစဉ်များဖျက်သိမ်း

ဘယ်လ်ဂျီယံနိုင်ငံမှာ လေယာဉ်ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်အခြေအနေ အဆင်မပြေလို့ ရုတ်တရက် သပိတ်မှောက်လိုက်တာကြောင့် ဇွန် ၂၃ ရက်ကစပြီး ဘရပ်ဆဲလ် လေကြောင်းလိုင်းမှာ ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းဖို့ စီစဉ်နေရပါတယ်။
လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ သပိတ်မှောက်မှုကြောင့် ဇွန် ၂၅ ရက်အထိ ခရီးစဉ် ၃၀၀ ကျော် ပျက်သွားခဲ့ပြီး ခရီးသည် ၄၀,၀၀၀ နီးပါးရဲ့ ခရီးသွားအစီအစဉ်တွေ အနှောင့်အယှက် ဖြစ်ကုန်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ခရီးသွားလုပ်ငန်း တက်လာချိန်မှာ ဝန်ထမ်းရှားပါးမှုကြောင့် အလုပ်သမားတွေဟာ အလုပ်ဝန်ပိပြီး သည်းမခံနိုင်စရာ ဖြစ်လာတယ်လို့ အလုပ်သမားသမဂ္ဂက ပြောပါတယ်။
နွေရာသီအတွက် ဝန်ထမ်းတွေ လုံလောက်မှာမဟုတ်ဘူးလို့ လနဲ့ချီ သတိကြိုပေး တင်ပြထားခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်ထားတာ မရှိဘူးလို့ လေယာဉ်အမှုထမ်း ဂျယ်ရမီ ဖွန် ဟောက်တဲက ဘယ်လ်ဂျီယံရုပ်သံလွှင့်ဌာန RTL-TVI ကို ပြောပါတယ်။
“ကျမတို့ကလည်း ပြီးပြည့်စုံနေကြတဲ့သူတွေ မဟုတ်တော့ မလုပ်မဖြစ်ကိစ္စတွေကိုလည်း လွဲချော်နိုင်ပါတယ်။ မီးဘေး၊ ကျန်းမာရေးကိစ္စလိုမျိုးတွေမှာ ကျမတို့က မြန်မြန်တုံ့ပြန် လုပ်ကိုင်ဖို့ လိုပါတယ်။ ကျမတို့ ပင်ပန်းနေရင် လုပ်နိုင်မှာ မဟုတ်ဘူး” လို့ ကလာရာ ဒီ ကော်စတာက ပြောပါတယ်။
ဇွန် ၂၃ ရက် အစောပိုင်းက လန်ဒန်က ဟိသရိုးလေဆိပ်ရှိ British Airways ဝန်ထမ်းတွေဟာ လစာနဲ့ပတ်သက်လို့ သပိတ်မှောက်ဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။
လေယာဉ်ခရီးသည်တွေအတွက် ဖရိုဖရဲဖြစ်ရတဲ့ နွေရာသီမှာ ဥရောပရဲ့ အလုပ်အရှုပ်ဆုံး လေဆိပ်တွေမှာ အနှောင့်အယှက် ဖြစ်ကြရပါတယ်။
လေဆိပ်တွေမှာ လေ့ကျင့်သင်ကြားထားတဲ့ ဝန်ထမ်းတွေ ပြတ်လပ်မှုနဲ့ ကပ်ရောဂါပြီးနောက် ပြင်းထန်တဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းဖို့ ရုန်းကန်နေရတာကြောင့် ဥရောပတဝန်းရှိ လေကြောင်းခရီးသည်တွေဟာ လတ်တလောသီတင်းပတ်တွေအတွင်းမှာ ခရီးစဉ် အကြာကြီး နှောင့်နှေးတာတွေ၊ ရာနဲ့ချီ ဖျက်သိမ်းတာတွေကို ကြုံနေရပါတယ်။