အာဖဂန်တွင် အကူအညီပေးရေး ကြိုးပမ်းမှုများကို တာလီဘန်များ ဆန့်ကျင်နေဟု ကုလပြော

အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေရရှိဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အာဖဂန်နစ္စတန်ရဲ့ အာဏာရ တာလီဘန်တွေက ဆန့်ကျင်နေကြပြီး အကူအညီတွေ ပေးပို့ရာမှာ ဝင်စွက်ဖက်နေကြကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ်က လုံခြုံရေးကောင်စီကို ဇွန် ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
တာလီဘန်တွေ အာဖဂန်ကို သိမ်းပိုက်ထားချိန်ကတည်းက နိုင်ငံတကာဘဏ်တွေဟာ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက် သတိထားနေကြရပြီး ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့တွေဟာ လုပ်ငန်းလည်ပတ်ရမယ့် ငွေကြေးအလုံအလောက် ပေးပို့ဖို့ကို ရုန်းကန်နေကြရပါတယ်။
တရားဝင်ဘဏ်စနစ်ဟာ အန္တရာယ်မဖြစ်ရအောင် သတိထားလုပ်ဆောင်နေရသလို ငွေလွှဲမှုတွေကို ဆက်လက်ပိတ်ဆို့ထားတဲ့အတွက် ငွေပေးချေမှုလမ်းကြောင်းတွေကို ထိခိုက်စေတာနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပြိုကွဲစေတယ်လို့ ဂရစ်ဖစ်သ်စ်က အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ တရားဝင် ဘဏ်လုပ်ငန်းစနစ် ကောင်းကောင်း ပြန်လည်ပတ်နိုင်ဖို့ လိုအပ်နေတယ်လို့ ဂရစ်ဖစ်သ်စ်က ပြောပါတယ်။
တာလီဘန်အာဏာပိုင်တွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာလည်း ပိုစွက်ဖက်လုပ်ဆောင်နေပြီး ဘတ်ဂျက်နဲ့ ဝန်ထမ်းခန့်အပ်မှု စာချုပ်တွေမှာတောင် ဒေတာနဲ့ အချက်အလက်တွေကို ထပ်တောင်းနေတယ်လို့ ဆိုပါတယ်။ ဂရစ်ဖစ်သ်စ်ရဲ့ မှတ်ချက်အပေါ် တာလီဘန်တွေကို ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။