close

လောင်စာဆီပြတ်လပ်မှုကြောင့် အာဂျင်တီးနားတွင် ထရပ်ကားသမားများ လမ်းပိတ်ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံမှာ ထရပ်ကား ယာဉ်မောင်းတွေဟာ ဇွန် ၂၄ ရက်က အဝေးပြေးလမ်းတွေကို ပိတ်ဆို့လိုက်ပြီးတော့ နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်မှာ ဒီဇယ်ဆီဈေးတွေ မြင့်တက်လာမှုနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဗျူနိုအေရီးစ်ပြည်နယ်ရှိ ဆန်-နီကိုလပ်စ်မြို့အနီးတစ်ဝိုက်ရှိ အမှတ် ၉ အမျိုးသား အဝေးပြေး လမ်းမကြီးမှာ ကုန်တင်ယာဉ်တွေ တန်းစီနေပုံတွေကို ဒရုန်းဗီဒီယိုဖိုင်မှာ ပြသထားပါတယ်။

ဆန္ဒပြသူတချို့က တာယာတွေကို မီးရှို့ပြီး ယာဉ်ကြောပိတ်ဆို့ခဲ့တာပါ။  ဇွန် ၂၂ ရက်မှာ စတင်ခဲ့တဲ့ အမျိုးသားဆန္ဒပြမှုကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းသမဂ္ဂက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ငွေကြေးဖောင်းပွမှုတို့ဟာ ကုန်တင်ကားသမားတွေကို တိုက်ပွဲတွေလား အငတ်ခံမလားဆိုတဲ့ကြားကို ရွေးချယ်ရဖို့ လုပ်နေတာလို့ ကားလမ်းရထားလမ်းများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အဒ်လိုဖှို ဗာရ်ယာက ပြောပါတယ်။ 

ဗာရ်ယာက လူတွေ အလုပ်လက်မဲ့မဖြစ်သေးခင် အခြေအနေကို ဝင်ထိန်းချုပ် ဖြေရှင်းပေးဖို့ အာဂျင်တီးနားသမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်ကို တောင်းဆိုခဲ့ပါတယ်။ 

အခုလမှာ အစိုးရက ရောစပ်ဒီဇယ်ထဲမှာ လိုအပ်တဲ့ ဘိုင်အိုဒီဇယ် ပါဝင်မှုကို တိုးမြှင့်ခဲ့ပြီး စက်မှုလုပ်ငန်းသုံး မော်တော်လောင်စာ ပြတ်လပ်မှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အမျိုးသားကုန်စည်ပို့ဆောင်ရေးသမဂ္ဂ Fadeeac ရဲ့အဆိုအရ လောင်စာဆီပြတ်လပ်မှုဟာ ပြည်နယ် ၂၃ ခုထဲက ၂၁ ခုမှာ သက်ရောက်မှုရှိနေတာပါ။ 

ကပ်ရောဂါကြောင့် နှေးကွေးနေရာကနေ စီးပွားရေးပြန်ကောင်းလာချိန်မှာ ၀ယ်လိုအား များလာတဲ့အပေါ် ခုလိုပြတ်လပ်သွားမှုကို အကြီးပိုင်း အစိုးရအရာရှိတွေက အပြစ်တင်ကြ ပါတယ်။ 

အစိုးရအချက်အလက်တွေအရ ပြည်တွင်းဒီဇယ် ဝယ်လိုအားဟာ ပထမသုံးလပတ်မှာ တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပါတယ်။ 

တိုင်းပြည်မှာ အရေးကြီးတဲ့ ကောက်နှံတွေရိတ်သိမ်းရာမှာ လမ်းပန်းဆက်သွယ်ရေး လိုအပ်နေချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ လေးရက်ကြာသွားပါပြီ။

//
Up