တိုးတက်မှုနှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့်အပေါ် G7 ခေါင်းဆောင်များ စိုးရိမ်

G7 ဒီမိုကရေစီ ခုနစ်နိုင်ငံမှ ခေါင်းဆောင်အားလုံးဟာ တိုးတက်မှု နှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်က G7 ထိပ်သီးညီလာခံက ကမ္ဘာ့စီးပွားရေးဆိုင်ရာ လုပ်ငန်းခွင် အစည်းအဝေးအပြီး ဇွန် ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
“ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအတွက် အဖွဲ့ဝင်အားလုံးက စိုးရိမ်နေကြတယ်။ တချို့နိုင်ငံတွေမှာ တိုးတက်မှုနှုန်း ကျဆင်းတယ်၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာတယ်၊ ကုန်ကြမ်းရှားပါးတာတွေ၊ ထောက်ပံ့မှု အပြောင်းအလဲတွေ အနှောင့်အယှက်တွေ ရှိလာတယ်။ ဒါတွေဟာ သေးငယ်တဲ့ စိန်ခေါ်မှုတွေ မဟုတ်ပါဘူး" လို့ ရွှိုက်ဇ်က ရုပ်သံကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။
ရွှိုက်ဇ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးချိန်မှာလည်း အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် ညှိနှိုင်းရေးကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းလုံခြုံရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အခါ ဂျာမနီနဲ့ အမေရိကန်တို့ဟာ အမြဲတမ်း အတူတကွ လုပ်ဆောင်သွားမယ်လို့ ရွှိုက်ဇ်က ပြောပါတယ်။
ရုရှားကျူးကျော်မှုနောက်ပိုင်း G7 အကြား စည်းလုံးညီညွတ်မှုကို ရွှိုက်ဇ်က ချီးကျူးခဲ့ပြီး ဒါဟာ ရုရှားသမ္မတ ပူတင်ကို အကြီးအကျယ် ခေါင်းကိုက်စေတယ်လို့ ဆိုပါတယ်။
ရုရှားက ယူကရိန်းအား တိုက်ခိုက်တာကိုလည်း ရွှိုက်နဲ့အတူ ဂျီဆဲဗင်း ခေါင်းဆောင်တွေနဲ့ အတူ ရှုတ်ချခဲ့ကြပါတယ်။