ငွေကြေးဖောင်းပွမှု လျှော့ချရန် အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်

အမေရိကန်ဗဟိုဘဏ် (The Federal Reserve) က နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ အတိုးနှုန်း ၀ ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။
အမေရိကန်အစိုးရက ငွေကြေးဖောင်းပွမှုကို ပုံမှန်အားဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းမှာ ထိန်းထားဖို့ လျာထားပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ ယူကရိန်းစစ်ပွဲကြောင့် လက်ရှိ ၇ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်နေတာပါ။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရိုမီပါဝဲလ်က “လွှတ်တော်က ဗဟိုဘဏ်ကို လမ်းညွှန်ထားတဲ့ ဘဏ္ဍာရေး မူဝါဒ ပန်းတိုင်အတိုင်း အလုပ်အကိုင် အများဆုံးရရှိဖို့နဲ့ ဈေးနှုန်းတည်ငြိမ်ဖို့ကို ကျနော်တို့ ကြိုးစားပါတယ်။ စီးပွားရေးက အလွန်အားကောင်းနေပြီး တဖက်မှာ ငွေကြေးဖောင်းပွမှုက မြင့်တက်နေပါတယ်။ ဘဏ်အတိုးနှုန်း မြှင့်လိုက်တာကြောင့် ငွေကြေးဈေးကွက်နဲ့ လုပ်ငန်းအချို့ ယာယီထိခိုက်နိုင်ပေမယ့် စီးပွားရေး ရေရှည်တိုးတက်မှုနဲ့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရရှိဖို့ ငွေကြေးဖောင်းပွမှုကို မဖြစ်မနေ တိုက်ရပါမယ်” လို့ ပြောပါတယ်။
ဗဟိုဘဏ်က လက်ရှိ ငွေကြေးဖောင်းပွမှု ၇ ဒသမ ၅ ရာခိုင်နှုန်းကနေ အခုနှစ်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်းထိ လျှော့ချသွားပြီး သတ်မှတ်လျာထားချက် ၂ ဒသမ ၅ ရာခိုင်နှုန်းကို ၂၀၂၄ ခုနှစ်မှာ ရရှိဖို့ ကြိုးစားနေပါတယ်။