ယောဒေသဒရုန်းနှင့် လက်နက်နဲ့နည်းပညာအဖွဲ့က ရှော့တိုက်ဒုံးအောင်မြင်စွာ ထုတ်လုပ် (ရုပ်သံ)
အခက်အခဲတွေနဲ့ မပြည့်မစုံတဲ့ကြားက ပြည်သူတွေရဲ့အားနဲ့ စစ်ကောင်စီကိုတော်လှန်ဖို့ ရှော့တိုက်ဒုံးနဲ့ လက်နက်တွေ အောင်မြင်စွာထုတ်လုပ်နေပုံတချို့ကို ယောဒေသ ဒရုန်းနဲ့ လက်နက်နဲ့နည်းပညာအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အခုဆိုရင် ပြည်သူတွေရဲ့အားနဲ့ ရှော့တိုက်ဒုံးတွေကိုပါ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဝယ်ယူသုံးစွဲရတဲ့လက်နက်ကြီးတွေထက် ကုန်ကျစရိတ်များစွာ သက်သာပေမဲ့ ထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်တွေကတော့ ရှိနေတုန်းပဲလို့ ယောဒေသလက်နက်ထုတ်လုပ်အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
"ရရာလက်နက်စွဲကိုင်ခဲ့တဲ့ တော်လှန်ရေးဟာ အခုဆိုရင် အတော်ခရီးပေါက်လာပြီလို့ပဲ ပြောရမှာပါ။ ထုတ်လုပ်ရေးတွေဆိုတာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲ။ မပြည့်မစုံနဲ့ စခဲ့ကြတဲ့ ထုတ်လုပ်ရေးတွေဟာလည်း ပြည်သူတွေရဲ့အားကြောင့်အတန်အသင့်ဆိုတဲ့ အနေအထားကိုရောက်ရှိလာခဲ့ပါပြီ။ လက်နက်ဝယ်ယူရတဲ့စရိတ်စကတွေဟာများ ပြားလွန်းတာကြောင့်ပဲ ကိုယ်တိုင်ထုတ်လုပ်ဖို့ ထုတ်လုပ်ရေးသမားတွေ ဆုံးဖြတ်ခဲ့ကြတာပါ။”
ပြည်သူလူထုတွေအနေနဲ့ ကြယ်တွေကြွေနေကြလို့စိတ်မကောင်းဝမ်းနည်းနေကြရင် ကြယ်တွေမကြွေအောင် ကြိုးစားနေကြတဲ့အဖွဲ့ တွေကို ပိုလှူပေးကြပါလို့လည်း သူတို့က တိုက်တွန်းမေတ္တာရပ်ခံပါတယ်။
အဖွဲ့ရဲ့တာဝန်ခံက "လက်နက်အသစ်တခု အောင်အောင်မြင်မြင်အသုံးပြုလို့ရတဲ့အဆင့်အထိ ရောက်ဖို့ဆိုရင် အချိန်၊ ပညာရပ်၊ ငွေ၊ စိတ်၊ လူလုပ်အားတို့အပြင် ဇွဲရှိဖို့ စိတ်ဓာတ်မကျဖို့လည်းလိုပါတယ်။ အကြိမ်ကြိမ်ကျရှုံးတဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရမယ်။ ဆက်လုပ်နေဖို့ ဆက်တော်လှန်နေဖို့ လိုအပ်ပါတယ်။ လက်နက်စမ်းတယ်ဆိုတာ အသက်တဝက်ရင်းပြီး စမ်းရတာပါ။ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးမှသာ အသုံးပြုလို့ရတဲ့ လက်နက်ဖြစ်လာတာပါ" လို့ ပြောပါတယ်။
နိုင်ငံတော်ရေးငွေကြေးတွေ ကျပ်ငွေဘီလီယံပေါင်းများစွာစိတ်တိုင်းကျသုံးပြီး နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ကို ယှဉ်ဖို့ကတော့ အချိန်တခု ပေးရမှာဖြစ်ပြီး အခု တနှစ်ဆိုတဲ့အချိန်အတွင်း တော်လှန်ရေးအဖွဲ့တွေထဲမှာ မောင်းပြန်သေနတ်ထုတ်လုပ်နိုင် တဲ့အဖွဲ့တွေရှိနေပြီဖြစ်လို့ ဘာမှအားငယ်စရာမရှိပါဘူးလို့လည်း ယောဒေသ တော်လှန်ရေး လူငယ်တွေက ပြောပါတယ်။