close

သတင်းထောက် ရှီရင်းန် သေဆုံးမှုနှင့်ပတ်သက်သည့် အမေရိကန်အစီရင်ခံစာ အပေါ် ပါလက်စတိုင်းများ ဒေါသထွက်

အယ်လ်ဂျာဇီးရား သတင်းထောက် ရှီရင်းန်အဘူအက္ခလေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၄ ရက် က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနအစီရင်ခံစာကို ပါလက်စတိုင်းတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ 

အစီရင်ခံစာထဲမှာ သူဟာ အစ္စရေးဘက်က ပစ်ခတ်မှုကြောင့် သေဆုံးသွားတာ ဖြစ်နိုင်ပေမယ့် မရည်ရွယ်ဘဲ ကျည်သင့်တာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ သူ့ကို ထိမှန်ခဲ့တဲ့ ကျည်ဆန်ရဲ့ မူလအစကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အတိအကျ ကောက်ချက်မချနိုင်သေးဘူးလို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ပါလက်စတိုင်း-အမေရိကန် ကပြား အဘူအက္ခလေဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသမှာရှိတဲ့ ဂျိနင်းမြို့ကို အစ္စရေးက ဝင်ရောက်စီးနင်းမှုအတွင်း မေလ ၁၁ ရက်က သေဆုံးခဲ့တာပါ။

ပါလက်စတိုင်းအရာရှိတွေက အမေရိကန်ရဲ့အစီရင်ခံစာကို ဝေဖန်ခဲ့ပြီး သူ့ကို တမင်ပစ်မှတ်ထားတယ်ဆိုတဲ့ စွဲချက်ကို ကိုင်ဆွဲထားပါတယ်။ အစ္စရေးက စွဲချက်ကို ငြင်းပါတယ်။

အဘူအက္ခလေဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအကြောင်း တင်ဆက်ရာမှာ အထင်ရှားဆုံး သတင်းတင်ဆက်သူတယောက်ပါ။

သူသေဆုံးမှုကြောင့် ကမ္ဘာတဝန်း ဒေါသဖြစ်ခဲ့ကြပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ ပါလက်စတိုင်းအာဏာပိုင်တို့ နှစ်ဘက်စလုံးက စုံစမ်းစစ်ဆေးမှုတွေကို အကျဉ်းချုပ်အပြီးမှာ အစ္စရေး ပစ်ခတ်မှုဟာ သူ သေဆုံးမှုအတွက် တာဝန်ရှိကြောင်း အမေရိကန် လုံခြုံရေးညှိနှိုင်းရေးရုံး (USSC) က ကောက်ချက်ချခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ပါလက်စတိုင်း အစိုးရရှေ့နေချုပ် အက္ခရမ် အယ်လ် ခါတစ်ဘ်ကတော့ကျည်ဆန်နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ကောက်ချက်က မှားယွင်းနေပြီး အဘူအက္ခလေကို တမင်တကာ ပစ်မှတ်ထား ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အယ်လ်ဂျားဇီးယား သတင်းဌာန ပါလက်စတိုင်း ဗျူရိုအကြီးအကဲ ဝါလစ်အယ်လ်အိုမာရီက “ဒီကျည်ဆန်ဟာ တစ်ခုတည်းသော သက်သေမဟုတ်ဘဲ တခြားအထောက်အထားတွေ၊ သက်သေတွေ၊ ဒဏ်ရာနေရာတွေ၊ ကျည်ဆန်အကြွင်းအကျန်တွေ၊ စုံစမ်းမှုတွေလည်း ရှိသေးတယ်။ ဒီရာဇ၀တ်မှုမှာ အစ္စရေးဟာ အပြစ်မရှိကြောင်း ပြသဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

အဘူအက္ခလေရဲ့ တူမ လင်ဒါအဘူအက္ခလေ အမေရိကန်ရဲ့ အစီရင်ခံစာအတွက် စိတ်ပျက်မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

စုံစမ်းစစ်ဆေးဖို့နဲ့ အစ္စရေးကို တာဝန်ခံဖို့ ကုလသမဂ္ဂနဲ့ ICC ကို ဆက်တောင်းဆိုပြီး သတင်းထောက်  ရှိရင်း အတွက် တရားမျှတမှုကို တောင်းဆိုတယ်လို့ ပြောပါတယ်။

//
Up