close

Easyjet လေယာဉ်ကို ဗုံးခွဲမည်ဟု လေယာဉ်စီးဗြိတိန်လူငယ် ၁ ဦး ခြိမ်းခြောက်

ဗြိတိန်မြို့တော် လန်ဒန်ကနေ စပိန်အပန်းဖြေစခန်းသာကျွန်း မေနော်ကာဆီကို ဇူလိုင် ၃ ရက်က ပျံသန်းခဲ့တဲ့ Easyjet လေယာဉ်ကို ဗုံးခွဲမယ်ဆိုပြီး လေယာဉ်ပေါ်ပါလာတဲ့ ဗြိတိန် ဆယ်ကျော်သက်တဦးက ဆိုရှယ်မီဒီယာပေါ်ကနေ ခြိမ်းခြောက်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်က ပြောပါတယ်။

ဗုံးခွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံရတာကြောင့် ခရီးသည် ၁၂၀ မှ ၁၅၀ ကြား တင်ဆောင်ပြီး မွန်းလွဲ ၁ နာရီ လန်ဒန်မြို့တော် ဂတ်ဝစ်ချ် လေဆိပ်ကနေ ထွက်လာတဲ့ Easyjet ရဲ့ A-319 လေယာဉ်ရဲ့  တောင်ပံတွေနားမှာ စပိန် F18 ဂျက်လေယာဉ် ပျံသန်းခေါ်ဆောင်ပြီး ညနေ ၅ နာရီ မတိုင်မီ မေနော်ကာ လေဆိပ်ဆီ ဘေးကင်းကင်း ဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တာဝန်ရှိသူတွေက ခြိမ်းခြောက်သူ ဆယ်ကျော်သက်လူငယ်ကို ဖမ်းဆီးခဲ့ပြီး နှစ်နာရီကျော်ကြာအောင် ခရီးသည်တွေ တယောက်ပြီးယောက် ဆင်းသက်စေခဲ့ပါတယ်။

အနံ့ခံခွေးတွေနဲ့ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက ခရီးဆောင်အိတ်တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ စပိန်မြို့ပြအစောင့်ရဲဌာနက ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မေနော်ကာလေဆိပ်က တခြားလေယာဉ်တွေခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။

ဗုံးခွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကိုတော့ ထောင်ထဲမှာ တညတာ ထိန်းသိမ်းထားပြီး တရားရုံးကြားနာမှုကို စောင့်ဆိုင်းနေတယ်လို့ စပိန်မြို့ပြအစောင့်ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

//
Up