close

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီအမတ်က တော်လှန်ရေးရန်ပုံငွေအဖြစ် စိန်လက်စွပ် လေလံတင်ရောင်းချ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က သူရဲ့ကိုယ်ပိုင် စိန်လက်စွပ်ကို  တော်လှန်ရေးအတွက် အွန်လိုင်းကနေ လေလံတင် ရောင်းချနေပါတယ်။

သူ့ရဲ့လက်စွပ်ဟာ မိုးကုတ်ပတ္တမြားနဲ့ စိန်ခြယ်ထားတဲ့လက်စွပ်ဖြစ်ပြီး၊ “ဘာအတွက်သုံးချင်တာလဲ အထူးပြောဖို့လိုမယ်မထင်ဘူး။ ရသမျှ NUG - MOD  ရဲ့ လက်အောက်က ကျမဆန္ဒရှိရာ တပ်ရင်းဘက် သို့မဟုတ် ပကဖ ဘက် သို့မဟုတ်  စစ်ဘေးရှောင်တွေဘက်ကို ပို့ပါမယ်"လို့ လွှတ်တော်အမတ်က သူ့ရဲ့ မှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

လေလံကြမ်းခင်းဈေးဟာ အနည်းဆုံး ၁၅ သိန်း ကနေ အမြင့်ဆုံးဈေးပေးသူကို လက်ထဲအရောက် ပစ္စည်းပို့ပေးမှာဖြစ်ပြီး ရရှိသွားသူကိုလည်း NUG/MOD ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိစေရပါမယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပက မိဘပြည်သူညီအကိုမောင်နှမတွေအနေနဲ့ ‌ဝယ်ယူလိုပါက လွှတ်တော် ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ဝယ်ယူလို့ရကြောင်း အသိပေးထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ သူရဲ့နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးမြို့ပေါ်ရှိ သူ့ရဲ့နေအိမ်ကိုလည်း စစ်ကောင်စီတပ်တွေက ချိပ်ပိတ်ထားပါတယ်။ 

ဒေါ်သန့်ဝေကျော်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာရော ၂၀၂၀ ရွေးကောက်ပွဲမှာပါ အန်အယ်လ်ဒီ ပါတီကို ကိုယ်စားပြုပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။

//
Up