close

ချီကာဂို ချီတက်ပွဲ ပစ်ခတ်မှု သံသယရှိသူကို ဖမ်းဆီးရမိပြီဟု ရဲတပ်ဖွဲ့ ကြေညာ

အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ်က ချီကာဂိုမြို့ရှိ Highland Park ဆင်ခြေဖုံးရပ်ကွက်မှာ ဇူလိုင် ၄ ရက်က ချီတက်ပွဲအတွင်း လူ ၆ ဦး သေဆုံးပြီး ၃၆ ဦးကျော် ဒဏ်ရာရရှိသွားတဲ့ ပစ်ခတ်မှုရဲ့ သံသယရှိသူကို နာရီပေါင်းများစွာ စုံစမ်းရှာဖွေခဲ့ပြီးနောက် လက်ရ ဖမ်းမိခဲ့ပြီလို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ 

အသက် ၂၂ နှစ်အရွယ် Robert E. Crimo III ကို အဲဒီနယ်မြေမှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ 

လိက်ခ်ကောင်တီအုပ်ချုပ်ရေးမှူးရုံးခန်းကနေ မျက်နှာနဲ့လည်ပင်းမှာ တက်တူးတွေရှိပြီး မုတ်ဆိတ်မွေး ခပ်ပါးပါးနဲ့ သံသယရှိသူ Crimo ကို အလိုရှိကြောင်း ပိုစတာတခုကို လွှင့်တင်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဟာ သံသယရှိသူရဲ့ ကားနဲ့ လိုင်စင်နံပါတ်ပြားကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ချီကာဂိုမြို့အနီး အဝေးပြေးလမ်းမပေါ်မှာ မောင်းနှင်နေတဲ့ သူ့ရဲ့မော်တော်ကားကို တွေ့ရှိပြီး နောက်မှာ ဘာခုခံမှုမှမရှိ ဖမ်းဆီးထိန်းသိမ်းထားလိုက်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ABC News ရဲ့ ချီကာဂိုသတင်းဌာနခွဲက ဗွီဒီယိုတခုအရ ရဲတွေဟာ ကားတစီးကို ဝိုင်းရံထားပြီး Crimo က ကားထဲကနေ ထွက်လာတာနဲ့ ရဲတွေဟာ သူ့ကို မဖမ်းခင် မြေကြီးပေါ် လှဲချထားတာတွေ့ရပါတယ်။ အမှုစွဲချက်တင်တော့မှာ ဖြစ်ကြောင်း Highland Park ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Crimo ဟာ "Awake The Rapper" ဆိုတဲ့ အနုပညာရှင်အမည်ကို အသုံးပြုပြီး ကိုယ်တိုင် ဖန်တီးထားသော ရက်ပ်သီချင်းများစွာကို ထုတ်ဝေခဲ့ပုံရတယ် လို့ ဆိုပါတယ်။ 

//
Up