close

ကိုဗစ်ကူးစက်မှုကြောင့် ဘန်ကောက်ရှိ နာမည်ကြီးပုဂ္ဂလိကကျောင်း အွန်လိုင်းမှသင်ကြားမည်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိကအမျိုးသားကျောင်းတကျောင်းဖြစ်တဲ့ Bangkok Christian College မှာ ကျောင်းတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် လာမယ့် သီတင်းပတ်ကစတင်ကာ စာသင်ကြားမှုတွေကို အွန်လိုင်းသင်ကြားရေးပုံစံ ပြောင်းလဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂ လတာအတွင်း အဆိုပါ ကျောင်းမှာ ကျောင်းသားတွေနဲ့ သင်ကြားရေးဆိုင်ရာ ဝန်ထမ်း ၇၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်မှာ ခုလိုပြောင်းလဲဖို့ စီစဉ်ခဲ့ရတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ လာမယ့် ဇူလိုင် ၁၁ ရက်ကနေ ၁၉ ရက်အတွင်း စာသင်ကြားရေးလုပ်ငန်းတွေကို အွန်လိုင်းက ပြောင်းလဲသင်ကြားသွားမှာဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်အထိ ကျောင်းမှာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရတဲ့ ကျောင်းသားအရေအတွက် ၆၈၈ ယောက်နဲ့ ကျောင်းဝန်ထမ်းအရေအတွက်အယောက် ၇၀ ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ စာသင်ခန်းတွင်း ကျောင်းသားတွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာခဲ့ရင် ၅ ရက် ပိတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ရောဂါကူးစက်မှု ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့တာကြောင့် ကူးစက်ခံထားရသူတွေကို ကွာရန်တင်းဝင်စေပြီး ပြင်ပသင်ကြားရေးကို ဇူလိုင် ၂၀ ရက်မှာ ပြန်လည်စတင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၃ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၁ သန်းကျော်ကတော့ အခု နှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၄၈ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၀,၇၇၈ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၉,၀၈၀ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ  Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို  လူတိုင်းအပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ  ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ်တပ်လိုက တပ်ဆင်နိုင် ကြောင်း ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

//
Up