ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးက နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပါတီတွင်းက ဝန်ကြီးတွေ၊ အမတ်တွေရဲ့ ထောက်ခံမှုကို မရတော့တဲ့အဆုံး ဇူလိုင် ၇ ရက်နေ့က နုတ်ထွက်ကြောင်း ကြေညာပါတယ်။ ဂျွန်ဆင်ရဲ့ နှုတ်ဆက်မိန့်ခွန်းမှာ “ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ကွန်ဆာဗေးတစ်ပါတီ ကော်မတီက အရေးကြီး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဂရေဟမ် ဘရတ်ဒီနဲ့ ညှိနှိုင်းထားတယ်” လို့ ဆိုပါတယ်။
အာဏာရှိအသိုင်းအဝိုင်းအတွင်း အရှုပ်တော်ပုံပေါင်းများစွာ ပေါက်ကြားပြီး အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေ၊ အရာရှိတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်သွားတဲ့နောက်မှာ ဝန်ကြီးချုပ်ကိုယ်တိုင်က နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။
ဇူလိုင် ၇ ရက် မနက်အထိ အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်သူ အရေအတွက်ဟာ ၅၀ အထက်မှာ ရှိခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုကို မယုံကြည်တော့တဲ့အတွက် နုတ်ထွက်သူတွေထဲမှာ ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်လည်း ပါဝင်ခဲ့ပြီး သူက “အစိုးရအဖွဲ့ထဲမှာ လိပ်ပြာလုံလုံနဲ့ ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး” လို့ ပြောခဲ့ပါတယ်။
မနေ့ကအထိ ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ တာဝန်ကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ဆုံးကျတော့မှ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်သစ်ကို အောက်တိုဘာလမှာ ရွေးချယ်ဖို့ ရှိတယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ အသေးစိတ်ကို ရှေ့တပတ်ထဲမှာ ကြေညာဖွယ် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကြားကာလမှာ ယာယီဝန်ကြီးချုပ်က တာဝန်ယူရဖွယ် ရှိပါတယ်။